Saturday, 28 September 2013

ရိုးရှင်းမြင်သာတဲ့ ပြဿနာ တခုရဲ့ အဖြေကိုဖေါ်ထုတ်ပေးခဲ့သူ ဘောဂဗေဒ ပညာရှင် ရော်နယ်လ်ကို့(စ)

ကျွန်တော်ရေးခဲ့တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ ပါတ်သက်တဲ့ဆောင်းပါးတွေမှာ ရောင်းဝယ်ဖေါက်ကားမှုဆိုင်ရာ ကုန်ကျစားရိတ်သီအိုရီ (Transaction Costs Economics Theory)ကို ဖေါ်ထုတ်ခဲ့တဲ့ ပါမောက္ခ ရော်နယ်လ်ကို့(စ) အကြောင်းကို မိတ်ဆက်ဖေါ်ပြခဲ့ဘူးပါတယ်။ အဲဒီဆောင်းပါးတွေ ရေးနေတဲ့အချိန်တုန်းက ပါမောက္ခ ကို့(စ)ဟာ အသက် ၁၀၂ နှစ်ရှိပြီဖြစ်ပေမယ့် စီးပွားရေးဆိုင်ရာ စာပေတွေကို ဆက်လက်ရေးသားနေဆဲပါ။ သူ့ရဲ့နောက်ဆုံးစာအုပ်ဖြစ်တဲ့ “တရုပ်နိုင်ငံ အရင်းရှင်ဖြစ်လာပုံ” (How China Became Capitalist) စာအုပ်ကို လွန်ခဲ့တဲ့နှစ် သူ့ရဲ့အသက် ၁၀၁ နှစ်အရွယ်မှာ ရေးသားထုတ်ဝေခဲ့ပါသေးတယ်။ ဒီလ (စက်တင်ဘာ ၂၀၁၃) ၂ ရက်နေ့က ၁၉၉၁ ခုနှစ် ဘောဂဗေဒပညာရပ်ဆိုင်ရာ နိုဘယ်အထိမ်းအမှတ်ဆုရှင်၊  ၂၀-ရာစုနှစ်ရဲ့ အထင်ရှားဆုံး ဘောဂဗေဒ ပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ ဆရာကြီး ကွယ်လွန် အနိစ္စရောက်သွားကြောင်း ကြားသိရပါတယ်။


Ronald Coase (1910-2013)
ကျွန်တော်အနေနဲ့ ပါရဂူဘွဲ့အတွက် ကျမ်းပြုတုန်းက နိုင်ငံတကာကုန်သွယ်မှုမှာ ရောင်းဝယ်ဖေါက်ကားမှုဆိုင်ရာ ကုန်ကျစားရိတ်သီအိုရီရဲ့ အခန်းကဏ္ဍကို လေ့လာခဲ့ဘူးပါတယ်။ တကယ်တော့ ဒီသီအိုရီဟာ အလွန်ရိုးစင်းတယ်လို့ထင်ရပေမယ့် စီးပွားရေးလုပ်ငန်းတွေရဲ့အပြုအမူတွေကို လေ့လာတဲ့နေရာမှာ (ဥပမာ Apple အနေနဲ့ iPhone မှာသုံးတဲ့ ပစ္စည်းတချို့ကို ဘာကြောင့်သူရဲ့အဓိကပြိုင်ဖက် Samsung ထံက ဝယ်သလဲဆိုတဲ့ မေးခွန်းမျိုး) နိုင်ငံတကာရင်းနှီးမြုပ်နှံမှုရဲ့ အကြောင်းရင်းကိုဖေါ်ထုတ်ရာမှာ (ဥပမာ Samsung အနေနဲ့ လုပ်သားအင်အားအများကြီးမလိုအပ်တဲ့ memory chip ထုတ်တဲ့စက်ရုံကို တရုပ်နိုင်ငံမှာတည်ဆောက်တာ   ဘာကြောင့်လဲဆိုတဲ့ မေးခွန်းမျိုး) ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပုံစံရွေးချယ်ရာမှာ (ဥပမာ ပြည်တွင်းကုမ္ပဏီတခုနဲ့ ဖက်စပ်လုပ်မှာလား၊ ဒါမှမဟုတ် တစ်ဦးတည်းပိုင်အဖြစ်ရင်းနှီးမြုပ်နှံမှာလား စတဲ့မေးခွန်းမျိုး) အလွန်အရေးပါတဲ့ သီအိုရီဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်သင်ကြားပို့ချနေတဲ့ စီးပွားရေးဆိုင်ရာဘောဂဗေဒ (Business Economics)၊ စီမံခန့်ခွဲမှုဆိုင်ရာ ဘောဂဗေဒ (Managerial Economics)၊ နိုင်ငံတကာစီးပွားရေးမဟာဗျူဟာ (International Business Strategies) စတဲ့ဘာသာရပ်တွေမှာ ကို့(စ)ရဲ့သီအိုရီဟာ အခြေခံအုတ်မြစ်တခုလို့ ဆိုနိုင်ပါတယ်။

အခုနောက်ပိုင်း ခေတ်စားလာတဲ့ လူ့ဘောင်အဖွဲ့အစည်းဆိုင်ရာ ဘောဂဗေဒ (New Institutional Economics)သီအိုရီတွေမှာလဲ တချို့နိုင်ငံတွေဟာ သယံဇာတတွေရှိပါလျက် ဘာကြောင်ဆင်းရဲနေရသလဲ ဆိုတဲ့အကြောင်းရင်းကို အဖြေရှာဘို့ ကို(စ)ရဲ့သီအိုရီကို အခြေခံထားတာကို တွေ့ရပါတယ်။ အဓိကအချက်ကတော့ နိုင်ငံတနိုင်ငံမှာ၊ လူ့ဘောင်အဖွဲ့အစည်းတခုမှာ အကျင့်ပျက်ချစားမှု၊ တရားဥပဒေစိုးမိုးခြင်းကင်းမဲ့မှု၊ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အာမခံချက်မရှိမှု၊ လူအချင်းချင်း၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ယုံကြည်မှု ကင်းမဲ့မှု စတာတွေများပြားလာရင် ဈေးကွက်မှာ ရောင်းဝယ်ဖေါက်ကားမှုဆိုင်ရာ ကုန်ကျစားရိတ်တွေကို မြင့်တက်စေပြီး လူတွေရဲ့ အလုပ်လုပ်ချင်စိတ်ကို ပျက်သုဉ်းစေပါတယ်။ ဒီကမှတဆင့် နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားတွေကိုကျဆင်းစေပြီး စီးပွားရေး မတိုးတက်ရတာလို့ ဆိုပါတယ်။

 ပါမောက္ခ ကို့(စ)ဟာ သူရဲ့ ရှည်လျားတဲ့ ဘဝသက်တမ်းတလျှောက်လုံးကို အကျိုးရှိရှိ အသုံးချသွားနိုင်ခဲ့တဲ့သူ တဦးဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်အတွက် ဘောဂဗေဒ ပညာရပ်ဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခံရစဉ်က နိုဘယ်ဆုချီးမြှင့်ရေးကော်မီတီက ဆရာကြီး အသက် ၂၁ နှစ်အရွယ်တုန်းက ပို့ချခဲ့တဲ့ သင်ခန်းစာတခုကို အခြေခံပြီး ရေးသားထားတဲ့ စီးပွားရေးလုပ်ငန်းတခုရဲ့ သဘောသဘာဝ (The Nature of the Firm) စာတမ်း နဲ့ ၁၉၆၁ ခုနှစ်မှာ ပုံနှိပ်ဖေါ်ပြခဲ့တဲ့ လူမှုရေးဆိုင်ရာ နစ်နာဆုံးရှုံးမှု ပြဿနာ (The Problem of Social Cost) စာတမ်းတွေကို ဘောဂဗေဒ ပညာရပ်မှာ အလွန်အရေးပါတဲ့ စာတမ်းတွေ အဖြစ်အသိအမှတ်ပြုခဲ့ပါတယ်။

ဆရာကြီးကတော့ သူ့ဘဝတလျှောက် ရေးသားပို့ချခဲ့သမျှတွေထဲမှာ ထူးခြားဆန်းသစ်တဲ့ သီအိုရီအတွေးအခေါ်တွေ ဘာမှမပါဘူးလို့ ဆိုခဲ့ပါတယ်။ ဘောဂဗေဒ ဘာသာရပ်အပေါ်မှာ သူ့ရဲ့အကျိုးပြုမှုက စီးပွားရေးစံနစ်တခုမှာ အလွန်ရိုးရှင်းမြင်သာလို့ တခြားသူတွေမျက်စိမှောက်နေတဲ့ အကြောင်းအချက်တွေကို ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းခဲ့ခြင်းသာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ တကယ်လည်း ဆရာကြီး အဓိကလေ့လာ ဖေါ်ထုတ်ခဲ့တာက အလွန်ရိုးရှင်းမြင်သာတဲ့ ပြဿနာ တခုဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့်တည်ရှိနေတာလဲ (Why do firms exist?) ဆိုတဲ့ မေးခွန်းရဲ့  အဖြေပါဘဲ။

ဆရာကြီးဟာ လန်ဒန်အနောက်မြောက်ပိုင်းက ဝီလ်(စ)ဒင် (Wilsden)အရပ်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့မိဘနှစ်ပါးစလုံးဟာ မူလတန်း ပညာရေးသာ ပြီးမြောက်ခဲ့တဲ့ သာမန် အလုပ်သမားအတန်းအစားတွေ ဖြစ်ပေမယ့် ဆရာကြီးဟာ ငယ်စဉ်ကထဲက ပညာရေးကို အလေးထားသူဖြစ်ပြီး သိပ္ပံပညာကို စိတ်ဝင်စားသူတယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာမှာ အရေးပါတဲ့ သင်္ချာဘာသာရပ်ကို မနှစ်သက်တဲ့အတွက် လန်ဒန်စီးပွားရေးကျောင်း (London School of Economics)မှာ ဝါဏိစ္စဗေဒသင်တန်းကို တက်ရောက်ဆည်းပူးခဲ့ပါတယ်။ တကယ်တော့ ဒီသင်တန်းဟာ မန်နေဂျာအဖြစ် အသက်မွေးဝမ်းကြောင်းလိုသူတွေအတွက် ရည်ရွယ်ထားတဲ့ သင်တန်းဖြစ်ပြီး မန်နေဂျာ ဆိုတဲ့အလုပ်ဟာ သူ့အတွက်တော့ လုံးဝကို မသင့်လျှော်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တခုဖြစ်တယ်လို့ ကို့(စ)ကဆိုပါတယ်။ ဒါပေမယ့် ဒီဘွဲ့သင်တန်းမှာ သင်ယူရတဲ့ ဘာသာရပ်တခုဖြစ်တဲ့ ဘောဂဗေဒဘာသာကိုတော့ သူအလွန်သဘောကျတယ်လို့ဆိုပါတယ်။ ဒီဘွဲ့သင်တန်းတက်ရောက်နေရင်း တနှစ်လေ့လာရေးခရီးထွက်ဖို့ ပညာသင်ဆုရရှိတဲ့အတွက် သူသင်ကြားထားတဲ့ ဘောဂဗေဒပညာရပ်ကို လက်တွေ့နယ်ပယ်မှာ အသုံးချဘို့ အခွင့်အလမ်းရခဲ့ပါတယ်။ ဆရာကြီးက ဘောဂဗေဒဘာသာမှာ သူအသိချင်ဆုံးမေးခွန်းတခုဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့်တည်ရှိနေတာလဲ (Why do companies exist?) ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ရှာဖွေဖို့ အဲဒီအချိန်တုန်းက စီးပွားရေးအတိုးတက်ဆုံးနိုင်ငံ အမေရိကန်ပြည်ထောင်စုက စက်မှုထွန်းကားတဲ့မြို့တွေကို လှည့်လည်လေ့လာဘို့ ရွေးချယ်ခဲ့ပါတယ်။

အဲဒီအချိန် (၁၉၃၀ ခုနှစ်ဝန်းကျင်)က ဘောဂဗေဒပညာရှင်တွေအများစုဟာ စီးပွားရေးစံနစ်တခုမှာ လွတ်လပ်တဲ့ဈေးကွက်နဲ့ သွင်းအားစုတွေကို ခွဲဝေအသုံးချရာမှာ ဈေးကွက်ကနေ သတ်မှတ်လိုက်တဲ့ ဈေးနှုံးတွေရဲ့ အရေးပါမှုတွေကို အလေးပေးလေ့လာနေကြပါတယ်။ သူတို့ရဲ့အမြင်မှာတော့ စီးပွားရေးလုပ်ငန်းတခုဆိုတာ တဖက်က သွင်းအားစုတွေထည့်သွင်းလိုက်ရင် အခြားတဖက်မှာ ကုန်ချောတွေထွက်လာတဲ့ သေတ္တာနက် (black box) တခုလို့ မှတ်ယူထားကြပါတယ်။ မစ္စတာကို့(စ)ကတော့ တကယ်လို့ ဈေးကွက်က အရာရာကို ပြဌါန်းတယ်ဆိုရင် ဘာကြောင့် ဈေးကွက်စံနစ်ရဲ့ ပြင်ပမှာ ဒီသေတ္တာနက်နဲ့သဏ္ဍန်တူတဲ့ စီးပွားရေးလုပ်ငန်းတွေရှိနေသလဲဆိုတာကို စိတ်ဝင်စားပါတယ်။ သူ့ရဲ့လေ့လာရေးခရီးစဉ်အတွင်းမှာ အမေရိကန်စက်မှုလုပ်ငန်းကြီးတွေဖြစ်တဲ့ ဖို့(ဒ)၊ ဂျင်နရယ်မော်တာ အစရှိတဲ့ လုပ်ငန်းတွေကို လေ့လာရာက ဈေးကွက် ဈေးနှုံးသတ်မှတ်မှုစံနစ်ရဲ့ အဓိက ချို့ယွင်းချက်တခုကို ကျော်လွှားနိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်တည်လာရတယ်ဆိုတာကို ကို့(စ)အနေနဲ့ သဘောပေါက် သိရှိလာပါတယ်။

အဆိုပါ ဈေးကွက်ချို့ယွင်းချက်ကတော့ ရောင်းဝယ်ဖေါက်ကားမှုဆိုင်ရာ ကုန်ကျစားရိတ်တွေဖြစ်ပါတယ်။ ဈေးကွက်တခုမှာ ရောင်းသူနဲ့ဝယ်သူတွေ့ဆုံပြီးနှစ်ဦးသဘောတူ ဈေးကွက်ပေါက်ဈေးကို သတ်မှတ်နိုင်ဖို့အတွက် ကုန်ကျတဲ့စားရိတ်တွေရှိပါတယ်။ ပစ္စည်းတခုကို ဝယ်ယူလိုသူအနေနဲ့ သူလိုအပ်တဲ့ပစ္စည်းကို ဘယ်နေရာမှာ၊ ဘယ်သူ့ဆီမှာ ဈေးမှန်ပစ္စည်းမှန်ရနိုင်မလဲ ဆိုတာကို စုံစမ်းရပါမယ်။ ဥပမာ ကားထုတ်လုပ်သူလိုသူ တစ်ဦးဆိုပါစို့။ တကယ်လို့ လိုအပ်တဲ့ပစ္စည်းက ကားတာယာလို ထုတ်လုပ်သူတွေအများကြီးရှိပြီး ဈေးကွက်ကနေ အလွယ်တကူဝယ်လို့ရတဲ့ ပစ္စည်းမျိုးဆိုရင် ဘာမှပြဿနာမရှိပါဘူး။ ရောင်းသူတယောက်နဲ့ အဆင်မပြေရင် နောက်တယောက်ဆီကနေ အလွယ်တကူ ဝယ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်ထုတ်လုပ်မယ့် ကားအတွက်လိုအပ်တဲ့ အင်ဂျင်လို အရေးပါတဲ့ အစိတ်အပိုင်းမျိုးဆိုရင်တော့ ဈေးကွက်ကနေအလွယ်တကူ ဝယ်ယူလို့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ ဝယ်ယူဖို့ကြိုးစားမယ်ဆိုရင်လဲ ကိုယ်လိုချင်တဲ့ အင်ဂျင်ဒီဇိုင်း အတိုင်းထုတ်လုပ်ပေးနိုင်မယ့်သူ၊ ကိုယ်လိုချင်တဲ့အရေအတွက်ကို လိုအပ်တဲ့အချိန်မှာ ထုတ်လုပ်ပေးနိုင်တဲ့သူကို ရှာဖွေရပါမယ် (ရှာဖွေမှုကုန်ကျစားရိတ် search costs)။ တကယ်လို့ ထုတ်လုပ်ပေးနိုင်တဲ့သူတွေ့ခဲ့ရင် ရောင်းသူနဲ့ဝယ်သူ စာချုပ်ချုပ်ဆိုရပါမယ် (စာချုပ်ချုပ်ဆိုမှုစားရိတ် contract costs)။ ရောင်းသူက စာချုပ်ပါသဘောတူညီချက် တွေကို ဖေါက်ဖျက်ရင်တရားစွဲဖို့လိုပါလိမ့်မယ် (တရားစွဲဆိုစားရိတ် enforcement costs)။ ဒီအချက်တွေဟာ ဈေးကွက်စံနစ်ရဲ့ ချို့ယွင်းမှု (market failures) ကြောင့်ဖြစ်လာရတဲ့ ရောင်းဝယ်ဖေါက်ကားမှုဆိုင်ရာကုန်ကျစားရိတ် (transaction costs)တွေဖြစ်ပါတယ်။ ဒီကုန်ကျစားရိတ်တွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ကားထုတ်လုပ်သူ အနေနဲ့ အင်ဂျင်ကို ဈေးကွက်ကနေမဝယ်ယူဘဲ ကိုယ်တိုင် အင်ဂျင်ထုတ်လုပ်တဲ့ လုပ်ငန်းတခု ထူထောင် ထုတ်လုပ်ရမှာဖြစ်ပါတယ်။

သူ့ရဲ့လေ့လာတွေ့ရှိချက်ကို သူလက်ထောက်ကထိကအဖြစ်လုပ်နေတဲ့ စကော့တလန်က ဒန်ဒီစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးကျောင်း(Dundee School of Economics and Commerce) မှာ ၁၉၃၂ ခုနှစ် အသက် (၂၁)နှစ်အရွယ်က ပို့ချခဲ့တဲ့သင်ခန်းစာတခုမှာ တင်ပြခဲ့ပါတယ်။ ဒီသင်ခန်းစာပို့ချချက်ကို အခြေခံပြီး စီးပွားရေးလုပ်ငန်းတရပ်ရဲ့သဘောသဘာဝ (The Nature of the Firm) ဆိုတဲ့ ဆောင်းပါးကို ၁၉၃၇ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုဘယ် ဆုချီးမြှင့်ရေးကော်မီတီက  ဖေါ်ထုတ်ချီးကျူးရတဲ့ ဆောင်းပါးဖြစ်ပေမယ့် အဲဒီအချိန်ကတော့ လူသိ သိပ်မများခဲ့ပါဘူး။


၁၉၅၁ ခုနှစ်မှာ ဆရာကြီးဟာ အမေရိကန်နိုင်ငံကို ပြောင်းရွေ့အခြေချခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ ရှိကာဂိုတက္ကသိုလ်က သူ့ရဲ့အတွေးအမြင်တွေကို တင်ပြဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲ ပရိတ်သတ်တွေထဲမှာ နောင်တချိန်မှာ ဘောဂဗေဒပညာရပ်ဆိုင်ရာ နိုဘယ်အထိမ်းအမှတ် ဆုရှင်တွေဖြစ်လာမယ့် ဂျော့စတစ်ဂလာ (George Joseph Stigler, ၁၉၈၂ ခုနှစ် ဘောဂဗေဒနိုဘယ်ဆုရှင်)၊ မီလ်တန်ဖရိုက်မန်း (Milton Friedman, ၁၉၇၆ ခုနှစ် ဘောဂဗေဒ နိုဘယ်ဆုရှင်) အစရှိတဲ့နာမည်ကြီး ဘောဂဗေဒပညာရှင်တွေပါဝင်ပြီး ဒီပညာရှင်တွေက မစ္စတာကို့(စ)ရဲ့ တင်ပြသုံးသပ်ချက်တွေကို သိပ်လက်မခံချင်ကြပါဘူး။ နာရီအတော်ကြာ အခြေအတင် ဆွေးနွေးခဲ့ကြအပြီးမှာတော့ ပရိတ်သတ်က ဆရာကြီးရဲ့ တင်ပြဆွေးနွေးချက်တွေကို လက်ခံလာကြပြီး ဒီဆွေးနွေးပွဲမှာ သူတင်ပြခဲ့တဲ့အဆိုတွေကို စာတမ်းတစ်စောင်အဖြစ်ရေးသားဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒီစာတမ်းကတော့ နောင်တချိန်မှာ ဘောဂဗေဒနဲ့စီးပွားရေးဘာသာရပ်မှာ  မှီငြမ်းကိုးကားမှုအခံရဆုံး စာတမ်းတွေထဲကတခုအဖြစ် နာမည်ကြီးလာမယ့် လူမှုရေးဆိုင်ရာ နစ်နာဆုံးရှုံးမှု ပြဿနာ(The Problem of Social Cost) စာတမ်းဖြစ်ပါတယ်။

တော်တဲ့သူတွေရဲ့အလုပ်က ခက်ခဲတဲ့မေးခွန်းတွေမေးမြန်းဘို့ဆိုရင် သိပ်ကိုတော်တဲ့သူတွေရဲ့အလုပ်က ရိုးစင်းတယ်လို့ထင်ရတဲ့မေးခွန်းတွေ မေးမြန်းဖို့ဘဲလိုု့  ဘောဂဗေဒပညာရှင်မဂ္ဂဇင်းကဆိုုပါတယ်။လွန်ခဲ့တဲ့အနှစ် (၈၀)လောက်က ဗြိတိသျှစီးပွားရေးပညာရှင်လေးတစ်ဦးက ဘာကြောင့် စီးပွားရေးလုပ်ငန်းတွေ တည်ရှိနေတာလည်းဆိုတဲ့ မေးခွန်းတခုမေးခဲ့ပါတယ်။ သူပေးခဲ့တဲ့အဖြေကတော့ ယခုအချိန်အထိ ဘောဂဗေဒနဲ့ စီမံခန့်ခွဲမှုနယ်ပယ်မှာ သက်ဝင်လှုပ်ရှားနေဆဲပါ။ ဒါကြောင့်မို့ စက်တင်ဘာ (၇)ရက်ထုတ် ဘောဂဗေဒပညာရှင်မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့တဲ့ ဆရာကြီးရဲ့ နာရေးသတင်းလွှာမှာ အရင်းရှင်စီးပွားရေးစံနစ်နဲ့ ဘောဂဗေဒပညာရပ်ကို အလေးထားသူတိုင်း ဆရာကြီးပါမောက္ခ ရော်နယ်လ်ကို့(စ)အတွက် ဝမ်းနည်းကြေကွဲသင့်တယ်လို့ ဆိုကြောင်းပါ။


မှီငြမ်းကိုးကား။


The Economist (2013) The man who showed why firms exist:
http://www.economist.com/news/leaders/21584985-anyone-who-cares-about-capitalism-and-economics-should-mourn-death-ronald-coase-man


Image Credit:


ပါမောက္ခ ရော်နယ်လ်ကို့(စ) (Professor Ronald Coase)

http://commons.wikimedia.org/wiki/File%3ACoase.png
Attribution: By .Tivki at en.wikipedia [CC-BY-SA-3.0 (http://creativecommons.org/licenses/by-sa/3.0)], from Wikimedia Commons

Problem of Social Cost

http://www.novamind.com/connect/nm_documents/show_branch/jdebeer/D595ACFA-E0DD-4965-9713-348D0E97281F/1226432340


Creative Commons License
ဘောဂဗေဒ ပညာရှင် ရော်နယ်လ်ကို(စ)၊ ရိုးရှင်းမြင်သာတဲ့ ပြဿနာ တခုရဲ့ အဖြေကိုဖေါ်ထုတ်ပေးခဲ့သူ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.

Saturday, 3 August 2013

စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်လာဖို့ လိုအပ်ချက်များကို ဆန်းစစ်ခြင်း (Are Entrepreneurs Born or Bred?)

ပြီးခဲ့သည့် ဆောင်းပါးတွေမှာ စီးပွားရေးလုပ်ငန်းတရပ်ကိုုစတင်ဖို့လိုအပ်ချက်တွေ၊ လုပ်ငန်းစတင်ဖို့ပြင်ဆင်ရမယ့် အချက်တွေ၊ စီးပွားရေးလုပ်ငန်းစီမံကိန်းရေးဆွဲရာမှာ လိုအပ်ချက်တွေကို တင်ပြခဲ့ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ အချက်တခုကတော့ မိမိမှာ စီးပွားရေးလုပ်ငန်းတခုကိုစတင်ဖို့ လိုအပ်တဲ့ အရည်အချင်း၊ ကြံအင်လက္ခဏာတွေ ရှိမရှိဆိုတာကိုဆန်းစစ်ဖို့ လိုအပ်ပါတယ်။
ဒီလိုဆန်းစစ်နိုင်ဖို့အတွက် အင်္ဂလန်နိုင်ငံ ဒါဟမ်တက္ကသိုလ် (Durham University)က စွန့်ဦးတီထွင်ပုဂ္ဂိုလ်တွေမှာ တွေ့ရလေ့ရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို လေ့လာပြီး မေးခွန်းလွာ တခုပြုစုထားပါတယ်။ ဒါဟမ်တက္ကသိုလ်ရဲ့ သုတေသနပြုချက်အရ စွန့်ဦးတီထွင်ပုဂ္ဂိုလ်တွေမှာ အောက်ဖေါ်ပြပါ ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်လေ့ ရှိပါတယ်။
  • လုပ်ငန်းပြီးမြောက်အောင်မြင်လိုခြင်း (Need for Achievement)
  • အမှီအခိုကင်းပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်လိုခြင်း (Need for Autonomy)
  • တီထွင် ဖန်တည်းလိုခြင်း (Crerative tendency)
  • စွန့်စားလိုခြင်း (Risk Taking)
  • ဆုံးဖြတ်ချက် ခိုင်မာပြတ်သားခြင်း (Drive and Determination)
မိမိမှာ အထက်ပါ အရည်အချင်းတွေရှိမရှိ ဆန်းစစ်နိုင်ဖို့၊ မိမိကိုယ်မိမိ နားလည်နိုင်ဖို့ ဒါဟမ်တက္ကသိုလ်ရဲ့  လုပ်ငန်းရှင်အရည်အသွေး ဆန်းစစ်ချက်မေးခွန်းလွှာကို မြန်မာလို သင့်လျှော်အောင် ပြန်ဆိုပေးထားပါတယ်။ ဒီမေးခွန်းလွှာမှာ မေးခွန်း ၅၄ ခုပါရှိပြီး စာဖတ်သူအနေနဲ့ မေးခွန်းပါ အဆိုကို သဘောတူ မတူဘဲ ဖြေဆိုရမှာပါ။ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို တိတိကျကျ ဆန်းစစ်နိုင်ဖို့ အတွက် မေးခွန်းတွေကို မိမိ စိတ်ထဲမှာရှိတဲ့အတိုင်း မှန်မှန်နဲ့ မြန်မြန် ဖြေဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ ဆန်းစစ်ချက်တခု ရဖို့အတွက် စာဖတ်သူရဲ့ အဖြေက တိကျဖို့ လိုအပ်ပါတယ်။

ဖြေဆိုရမယ့်ပုံစံကတော့ စာရွက်လွတ်တခုပေါ်မှာ မေးခွန်းနံပါတ်နဲ့ ၎င်းမေးခွန်းကို စာဖတ်သူ သဘောတူ၊ မတူ ရေးမှတ်ထားပါ။ မေးခွန်းအားလုံးကို ဖြေဆိုပြီးတဲ့အခါမှာ စာဖတ်သူမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင် တယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတွေ ရှိ၊ မရှိ၊ မရှိသေးရင်လည်း မိမိမှာ ဘယ်လိုအားနည်းချက်တွေရှိတယ်၊ ဘယ်အချက်တွေကို ပြုပြင် ပြောင်းလဲဖို့ လိုတယ်ဆိုတာ မိမိကို မိမိ ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။

မေးခွန်း (၁)။ စိန်ခေါ်မှုကင်းမဲ့ပြီး ပျင်းစရာကောင်းသော သော်လည်း လစာကောင်းသော အလုပ်ဖြစ်ပါက လုပ်နိုင်သည်။ 

မေးခွန်း (၂)။ မိမိအလုပ်အတွက် ဆောင်ရွက်ပြီးစီးရမည့် ဦးတည်ချက်များ မိမိကိုယ်တိုင် ချမှတ်ရာတွင် လွယ်ကူသည့် ဦးတည်ချက်များထက် ခက်ခဲသည့် ဦးတည်ချက်များကို ရွေးချယ်ချမှတ်သည်။ 

မေးခွန်း (၃)။ သမရိုးကျမဟုတ်ဘဲ ထူးခြားသောအလုပ်များကို မလုပ်ကိုင်လိုပါ။ 

မေးခွန်း (၄)။ စွမ်းဆောင်ရည်ရှိသောသူများ အောင်မြင်မှုမရရှိခြင်းမှာ ပေါ်ပေါက်လာသော အခွင့်အလမ်းများကို အသုံးမချနိုုင်သောကြာင့် ဖြစ်သည်။ 

မေးခွန်း (၅)။ မိမိသည် စိတ်ကူးယဉ်လေ့သိပ်မရှိသူဖြစ်သည်။ 

မေးခွန်း (၆)။ အကယ်၍ အခြားသူတဦးက မိမိတင်ပြသည်ကို လက်မခံပါက မိမိ အမြင်ကို ခုခံကာကွယ် လေ့ရှိသည်။ 

မေးခွန်း (၇)။ ဘယ်လောက် ကြိုးစားကြိုးစား အထုံဗီဇမပါက အောင်မြင်မည်မဟုတ်။ 

မေးခွန်း (၈)။ မိမိ၏ စိတ်ကူးအကြံဥာဏ်များသည် သမရိုးကျမဟုတ်ဟု လူများက တခါတရံ မြင်လေ့ရှိသည်။ 

မေးခွန်း (၉)။ မိမိပိုင်ငွေ ၅၀၀ ကျပ်ကိုရင်း၍ ကံစမ်းလောင်းကစားရမည်ဆိုပါက ငွေအနည်းငယ်သာ ရရှိနိုင်သည့် ဖဲကစားခြင်းထက် ဆုကြေးငွေများများရမည့် ထီလက်မှတ်ကို ဝယ်မည်။

မေးခွန်း (၁၀)။ မိမိအတွက် လွယ်ကူသော အလုပ်မျိုးထက် မိမိစွမ်းဆောင်ရည်ကို အစွမ်းကုန် အသုံးပြုရသည့် စိန်ခေါ်မှုမျိုးကို နှစ်သက်သည်။ 

မေးခွန်း (၁၁)။ မိမိ၏ စွမ်းဆောင်ချက်ပေါ်မူတည်၍ ဝင်ငွေအလွန်ကောင်းနိုင်သော အလုပ်မျိုးထက် ဝင်ငွေအသင့်အတင့်နှင့် တည်ငြိမ်သည့် အလုပ်မျိုးကို ပိုသဘောကျသည်။ 

မေးခွန်း (၁၂)။ အလုပ်တခုလုပ်ရာတွင် တခြားသူများ၏ ထင်မြင်ချက်ကို ဂရုမစိုက်ဘဲ မိမိ သဘောအတိုင်း လုပ်လေ့ရှိသည်။ 

မေးခွန်း (၁၃)။ လူအများ ကြုံတွေ့ ရသည့် အခက်အခဲအများစုသည် ကံမကောင်းသောကြောင့်ဖြစ်သည်။ 

မေးခွန်း (၁၄)။ အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဆိုရင်တောင် မိမိသိလိုသည့်ကိစ္စတခု၏ အရင်းအမြစ်ကို ရေဆုံးရေဖျား စုံစမ်းဖေါ်ထုတ်လိုသည်။
မေးခွန်း (၁၅)။ အလုပ်တခုလုပ်ရာတွင် ပြဿနာများကြုံတွေ့ရပါက ထိုအလုပ်ကိုပစ်ပြီး အခြားအလုပ်ကို ပြောင်းလုပ်သည်။ 

မေးခွန်း (၁၆)။ တခုခုကို လုပ်ကိုင်ရန် စီမံကိန်းချပြီးပါက ထိုအလုပ်ကို အမြဲတမ်းလိုလို ပြီးစီးအောင် လုပ်ဖြစ်သည်။ 

မေးခွန်း (၁၇)။ မိမိဘဝတွင် မျှော်လင့်မထားသော ရုတ်တရက်အပြောင်းအလဲများကို မလိုလားပါ။ 

မေးခွန်း (၁၈)။ အောင်မြင်နိုင်သည့် အခွင့်အလမ်းက ၅၀/၅၀ ဆိုပါက စွန့်စားမည်။ 

မေးခွန်း (၁၉)။ လာမည့်အနာဂါတ်ထက် လက်ရှိကာလနှင့် အတိတ်အကြောင်းကိုပိုပြီး စဉ်းစားတွေးတောလေ့ရှိသည်။ 

မေးခွန်း (၂၀)။ မိမိတွင် ပိုက်ဆံရနိုင်မည့် အကြံဥာဏ်ကောင်းများရှိပါက ငွေချေးပြီး လုပ်ကိုင်ရန် ဝန်မလေးပါ။ 

မေးခွန်း (၂၁)။ မိမိပါဝင်သည့် အသင်းအဖွဲ့တခုတွင် တခြားသူတယောက်ကို ဦးဆောင်စေရန် တာဝန်ပေးမှုကို ကျေနပ်သည်။

မေးခွန်း (၂၂)။ ယေဘူယျခြုံကြည့်ပါက လူများအနေဖြင့် သူတို့နှင့် ထိုက်တန်သည်ကိုသာ ရရှိသည်။ 

မေးခွန်း (၂၃)။ မိမိသေချာစွာမသိသည့် အကြောင်းချင်းရာတခုအား  ခန့်မှန်းရခြင်းကို မနှစ်သက်ပါ။ 

မေးခွန်း (၂၄)။ အလုပ်တခုလုပ်ရာတွင် လူအများကျေနပ်မှုရအောင် ကြိုးစားခြင်းထက် အဆိုပါအလုပ်ကို ကောင်းကောင်းလုပ်ရန် ပိုအရေးကြီးသည်။ 

မေးခွန်း (၂၅)။ မိမိအပေါ် သြဇာရှိသူများကျေနပ်အောင် လုပ်ဆောင်ပေးပါက ဘဝမှာ မိမိလိုအပ်သော အရာများကို ရရှိလိမ့်မည်။ 

မေးခွန်း (၂၆)။ အခြားသူများက မိမိကို အမေးအမြန်းထူသူတယောက်ဟု ထင်ကြသည်။

မေးခွန်း (၂၇)။ ဆုံးရှုံးဖို့ အလားအလာရှိသည့်အလုပ်တခုကို မလုပ်လိုပါ။ 

မေးခွန်း (၂၈)။ အခြားသူများ အချိန်ကို မလေးစားပါက စိတ်အနှောင့်အယှက် ဖြစ်ရသည်။

မေးခွန်း (၂၉)။ ဆုံးဖြတ်ချက်တခု မချခင်မှာ လိုအပ်သော အချက်အလက်တွေကို အချိန်ဘယ်လောက်ကြာကြာ ရအောင်စုဆောင်းသည်။ 

မေးခွန်း (၃၀)။ အလုပ်တခုကို လုပ်ဆောင်ရာမှာ သူတပါးအကူအညီမလို (သို့မဟုတ်) မလိုချင်ပါ။

မေးခွန်း (၃၁)။ အခြေအနေ အချိန်အခါ မပေးပါက အောင်မြင်မှု ရရှိမည်မဟုတ်။ 

မေးခွန်း (၃၂)။ ပညာရပ်တခုခုကို တဖက်ကမ်းခတ်ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခြင်းထက် ပညာရပ်တော်တော်များများ အတော်အသင့်တတ်မြောက်လိုသည်။ 

မေးခွန်း (၃၃)။ အလုပ်ကျွမ်းကျင်သော်လည်း မိမိသဘောမကျသူနဲ့ တွဲဖက်လုပ်ကိုင်ရခြင်းထက် မိမိသဘောကျပြီး အလုပ်သိပ်မကျွမ်းကျင်သောသူ တယောက်နှင့် အတူလုပ်ကိုင်လိုသည်။ 

မေးခွန်း (၃၄)။ အောင်မြင်မှုသည် အလုပ်ကြိုးစားမှု၏ ရလာဒ်ဖြစ်သည်။ ကံတရားနှင့်မဆိုင်။ 

မေးခွန်း (၃၅)။ အလုပ်လုပ်ရာတွင် နည်းလမ်းအသစ်များ စမ်းသပ်အသုံးပြုခြင်းထက် သမရိုးကျ လုပ်နေကြအတိုင်းသာ လုပ်လိုသည်။ 

မေးခွန်း (၃၆)။ အရေးကြီးသော ဆုံးဖြတ်ချက်တခုကို မချခင် ဖြစ်ပေါ်လာမည့် ကောင်းကျိုး ဆိုးပြစ်များကို  အချိန်အကြာကြီး စဉ်းစားမနေဘဲ မြန်မြန်ထက်ထက် ဆုံးဖြတ်ချက်ချလေ့ရှိသည်။

မေးခွန်း (၃၇)။ အလုပ်တခုကို လုပ်ရာ၌ ကိုယ်တိုင်တာဝန်ယူလုပ်ကိုင်ခြင်းထက် အခြားသူများနှင့် ပူးပေါင်းပြီး အဖွဲ့ဝင်တဦးအဖြစ် ဆောင်ရွက်လိုသည်။ 

မေးခွန်း (၃၈)။ ပိုမိုကောင်းမွန်သော ရလာဒ်များထွက်ပေါ်လာအောင် လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းတခုထက် သေချာပေါက်ပျော်ရွင်မှုပေးမည့် အတွေ့အကြုံတခုကို ပိုလိုလားသည်။ 

မေးခွန်း (၃၉)။ အလုပ်တခုကို လုပ်ကိုင်ရာတွင် ညွှန်ကြားချက်များကိုလိုက်နာပြီး သူများမျှော်လင့်သည့်အတိုင်း လုပ်ကိုင်သည်။ 

မေးခွန်း (၄၀)။ မိမိအတွက်တော့ လိုလားတောင့်တသောအရာများရရှိခြင်းသည် ကံတရားနှင့်မဆိုင်။ 

မေးခွန်း (၄၁)။ မိမိ ဘဝတွင် အရာအားလုံးကြိုတင်စီမံထားသည့်အတိုင်း ချောချောမွေ့မွေ့နှင့် စံနစ်တကျရှိလိုသည်။ 

မေးခွန်း (၄၂)။ အလုပ်တခုလုပ်ရာတွင် အခက်အခဲအတားအဆီးများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ဆုံးရှုံးမှု၏ အကျိုးသက်ရောက်မှုများထက် အောင်မြင်မှု၏ အသီးအပွင့်များကို ပိုစဉ်းစားသည်။ 

မေးခွန်း (၄၃)။ မိမိဘဝတွင် တွေ့ကြုံခံစားဖြစ်ပျက်သမျှကို အခြားသူများက ဆုံးဖြတ်သည်ဟု ယုံကြည်သည်။ 

မေးခွန်း (၄၄)။ တချိန်ထဲမှာ အလုပ်အများကြီးကို ကိုင်တွယ်နိုင်သည်။

မေးခွန်း (၄၅)။ အခြားသူများထံမှ အကူအညီတောင်းခံရန် ဝန်လေးသည်။ 

မေးခွန်း (၄၆)။ အရေးကြီးသော အလုပ်ကိစ္စများ ပြီးမြောက်ရန်အတွက် အအိပ်ပျက်၊ အစားပျက်ခံပြီး လုပ်ကိုင်လေ့ရှိသည်။ 

မေးခွန်း (၄၇)။ လက်ရှိ လုပ်ကိုင် ကြုံတွေ့နေရသည့် ပါတ်ဝန်းကျင်က ကိုယ် အကျွမ်းတဝင် မရှိသည့် ပါတ်ဝန်းကျင်ထက် ပို၍ကောင်းသည်။ 

မေးခွန်း (၄၈)။ လူအတော်များများက မိမိကို ခေါင်းမာသူတယောက်ဟု မြင်ကြသည်။

မေးခွန်း (၄၉)။ လူများဆုံးရှုံးမှုနှင့် ကြုံတွေ့ရခြင်းမှာ သူတို့၏အဆုံးအဖြတ် မှားယွင်းခြင်း၏ ရလဒ်ကြောင့် ဖြစ်သည်ဟု ပြောရန်ခဲယဉ်းသည်။ 

မေးခွန်း (၅၀)။ တခါတရံ မိမိတွင် စိတ်ကူးအကြံဥာဏ် အများအပြားရှိသည့်အတွက် မည့်သည့်အကြံအား ရွေးချယ်အကောင်အထည်ဖေါ်ရမည်ကို မသိပါ။ 

မေးခွန်း (၅၁)။ အလုပ်ပိတ်ရက် နားရက်များတွင် စိတ်လက်ပေါ့ပါးစွာ အနားယူနိုင်သည်။ 

မေးခွန်း (၅၂)။ မိမိအနေဖြင့် အလုပ်ကို ကြိုးကြိုးစားစားနဲ့ ပြီးမြောက်အောင်လုပ်သောကြောင့် ဘဝမှာ လိုအပ်သောအရာများကို ရရှိပိုင်ဆိုင်နေခြင်းဖြစ်သည်။ 

မေးခွန်း (၅၃)။ အစဉ်အလာအတိုင်း နေထိုင်လုပ်ကိုင်ရခြင်းထက် အပြောင်းအလဲနှင့် လိုက်လျောညီထွေရှိအောင် ပြောင်းလဲရခြင်းက မိမိအတွက် ပိုခက်ခဲသည်။ 

မေးခွန်း (၅၄)။ စွန့်စားရမှု ရှိကောင်းရှိနိုင်သော်လည်း မိမိအနေဖြင့် လုပ်ငန်းအသစ်များကို စတင်ရခြင်းကို သဘောကျသည်။ 

အထက်ပါ မေးခွန်းတွေကို သဘောတူ၊ မတူ ဖြေဆိုုပြီးတဲ့အခါမှာ စာဖတ်သူမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တခုကို စွန့်စားထူထောင်ရာမှာ လိုအပ်တဲ့ အရည်အချင်းတွေ ရှိ၊ မရှိ ဆန်းစစ်နိုင်ပါတယ်။

အရည်အချင်း (၁)။လုပ်ငန်းပြီးမြောက်အောင်မြင်လိုခြင်း 
ဒီအရည်အချင်းအတွက် အောက်ပါ မေးခွန်းများကို သဘောတူ၊ မတူ ဖြေဆိုထားတဲ့ အဖြေကိုကြည့်ပြီး အဖြေမှန်ပါက (၁)မှတ်၊ မမှန်ပါက (၀)မှတ်ပေးပါ။

 မေးခွန်း (၁) သဘောမတူပါ။ မေးခွန်း (၆) သဘောတူသည်။ မေးခွန်း (၁၀) သဘောတူသည်။ မေးခွန်း (၁၅) သဘောမတူပါ။ မေးခွန်း (၁၉) သဘောမတူပါ။ မေးခွန်း (၂၄)သဘောတူသည်။ မေးခွန်း (၂၈) သဘောတူသည်။ မေးခွန်း (၃၃) သဘောမတူပါ။ မေးခွန်း (၃၇) သဘောမတူပါ။ မေးခွန်း (၄၂) သဘောတူသည်။ မေးခွန်း (၄၆) သဘောတူသည်။ မေးခွန်း (၅၁) သဘောမတူပါ။

အမှတ်ပေးပြီးတဲ့အခါ ဒီအရည်အချင်းအတွက်ရမှတ်တွေကို ပေါင်းကြည့်ပါ။  အမြင့်ဆုံး ရနိုင်တဲ့အမှတ်က (၁၂)မှတ်ဖြစ်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တယောက်မှာ ရှိသင့်တဲ့ ပျမ်းမျှအမှတ်ကတော့ (၉)မှတ်ဖြစ်ပါတယ်။ စာဖတ်သူရဲ့ ရမှတ်က (၉)မှတ်နဲ့ အထက်မှာရှိတယ်ဆိုရင် သင်မှာ အောက်ဖေါ်ပြပါ ကိုယ်ရည်ကိုယ်သွေးတွေ အားလုံးမဟုတ်တောင်မှ အများစု ရှိတယ်လို့ဆိုနိုင်ပါတယ်။
  • ရှေ့ရေးကို မျှော်မြင်တတ်ခြင်း၊ မိမိကိုယ်ကို အားကိုးခြင်း၊ အကောင်းမြင်တတ်ခြင်း၊ အလုပ်ကို ဦးစားပေးခြင်း၊ ရလဒ်ကို ဦးစားပေးခြင်း၊ လုံ့လဝီရိယ ထက်သန်ခြင်း၊ မိမိကိုယ်ကို ယုံကြည်ခြင်း၊ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားခြင်း၊ လုပ်ငန်းကို စူးစူးစိုက်စိုက်လုပ်ကိုင်ခြင်း။

အရည်အချင်း (၂)။ အမှီအခိုကင်းပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်လိုခြင်း
ဒီအရည်အချင်းအတွက် အောက်ပါ မေးခွန်းများကို သဘောတူ၊ မတူ ဖြေဆိုထားတဲ့ အဖြေကိုကြည့်ပြီး အဖြေမှန်ပါက (၁)မှတ်၊ မမှန်ပါက (၀)မှတ်ပေးပါ။

 မေးခွန်း (၃) သဘောမတူပါ။ မေးခွန်း (၁၂) သဘောတူသည်။ မေးခွန်း (၂၁) သဘောမတူပါ။  မေးခွန်း (၃၀) သဘောတူသည်။ မေးခွန်း (၃၉) သဘောမတူပါ။ မေးခွန်း (၄၈)သဘောတူသည်။

ဒီအရည်အချင်းအတွက် အမြင့်ဆုံး ရနိုင်တဲ့အမှတ်က (၆)မှတ်ဖြစ်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တယောက်မှာ ရှိသင့်တဲ့ ပျမ်းမျှအမှတ်ကတော့ (၄)မှတ်ဖြစ်ပါတယ်။ စာဖတ်သူရဲ့ ရမှတ်က (၄)မှတ်နဲ့ အထက်မှာ ရှိတယ်ဆိုရင် သင်မှာ အောက်ဖေါ်ပြပါ ကိုယ်ရည်ကိုယ်သွေးတွေ အားလုံးမဟုတ်တောင်မှ အများစု ရှိတယ်လို့ဆိုနိုင်ပါတယ်။
  • သမရိုးကျမဟုတ်သောအလုပ်မျိုးကိုလုပ်ကိုင်လိုခြင်း၊ တစ်ဦးတည်းလုပ်ကိုင်လိုခြင်း၊ မိမိ စိတ်ကြိုက်လုပ်ကိုင်လိုခြင်း၊ မိမိတွေးထင်ချက်အတိုင်း ပြောဆိုပြုမူခြင်း၊ အမိန့်အတိုင်း လိုက်နာရခြင်းကို မနှစ်သက်ခြင်း၊ ကိုယ်ပိုင်စိတ်ဖြင့် ဆုံးဖြတ်ခြင်း၊ လူအများလုပ်တိုင်း လိုက်မလုပ်ခြင်း၊ ခေါင်းမာပြီး ဆုံးဖြတ်ချက်ခိုင်မာခြင်း။
အရည်အချင်း (၃)။ တီထွင် ဖန်တည်းလိုခြင်း
ဒီအရည်အချင်းအတွက် အောက်ပါ မေးခွန်းများကို သဘောတူ၊ မတူ ဖြေဆိုထားတဲ့ အဖြေကိုကြည့်ပြီး အဖြေမှန်ပါက (၁)မှတ်၊ မမှန်ပါက (၀)မှတ်ပေးပါ။

မေးခွန်း (၅) သဘောမတူပါ။ မေးခွန်း (၈) သဘောတူသည်။ မေးခွန်း (၁၄) သဘောတူသည်။  မေးခွန်း (၁၇) သဘောမတူပါ။ မေးခွန်း (၂၃) သဘောမတူပါ။ မေးခွန်း (၂၆)သဘောတူသည်။ မေးခွန်း (၃၂) သဘောတူသည်။ မေးခွန်း (၃၅) သဘောမတူပါ။ မေးခွန်း (၄၁) သဘောမတူပါ။ မေးခွန်း (၄၄) သဘောတူသည်။ မေးခွန်း (၅၀) သဘောတူသည်။ မေးခွန်း (၅၃) သဘောမတူပါ။

ဒီအရည်အချင်းအတွက် အမြင့်ဆုံး ရနိုင်တဲ့အမှတ်က (၁၂)မှတ်ဖြစ်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင် တယောက်မှာ ရှိသင့်တဲ့ ပျမ်းမျှအမှတ်ကတော့ (၈)မှတ်ဖြစ်ပါတယ်။ စာဖတ်သူရဲ့ ရမှတ်က (၈)မှတ်နဲ့ အထက်မှာ ရှိတယ်ဆိုရင် သင်မှာ အောက်ဖေါ်ပြပါ ကိုယ်ရည်ကိုုယ်သွေးတွေ အားလုံးမဟုတ်တောင်မှ အများစု ရှိတယ်လို့ဆိုနိုင်ပါတယ်။
  • စိတ်ကူးစိတ်သန်းကောင်းပြီး ဆန်းသစ်တီထွင်ခြင်း၊ စိတ်ကူးတွင် မွေ့လျှော်တတ်ခြင်း၊ စွယ်စုံရပြီး သိလိုစိတ်ပြင်းပြခြင်း၊ အကြံအစည်များခြင်း၊ ထိုးထွင်း မျှော်မြင်တတ်ခြင်း၊ စိန်ခေါ်မှုအသစ်များကို မွေ့လျှော်ခြင်း အသစ်အဆန်း အပြောင်းအလဲကို သဘောကျခြင်း။
အရည်အချင်း (၄)။တွက်ချက်ပြီး စွန့်စားလိုခြင်း
ဒီအရည်အချင်းအတွက် အောက်ပါ မေးခွန်းများကို သဘောတူ၊ မတူ ဖြေဆိုထားတဲ့ အဖြေကိုကြည့်ပြီး အဖြေမှန်ပါက (၁)မှတ်၊ မမှန်ပါက (၀)မှတ်ပေးပါ။

 မေးခွန်း (၂) သဘောတူသည်။ မေးခွန်း (၉ ) သဘောမတူပါ။ မေးခွန်း (၁၁) သဘောမတူပါ။  မေးခွန်း (၁၈)သဘောတူသည်။ မေးခွန်း (၂၀) သဘောတူသည်။  မေးခွန်း (၂၇) သဘောမတူပါ။  မေးခွန်း (၂၉ ) သဘောမတူပါ။ မးခွန်း (၃၆)သဘောတူသည်။ မေးခွန်း (၃၈) သဘောတူသည်။ မေးခွန်း (၄၅) သဘောမတူပါ။ မေးခွန်း (၄၇) သဘောမတူပါ။ မေးခွန်း (၅၄) သဘောတူသည်။

ဒီအရည်အချင်းအတွက် အမြင့်ဆုံး ရနိုင်တဲ့အမှတ်က (၁၂)မှတ်ဖြစ်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင် တယောက်မှာ ရှိသင့်တဲ့ ပျမ်းမျှအမှတ်ကတော့ (၈)မှတ်ဖြစ်ပါတယ်။ စာဖတ်သူရဲ့ ရမှတ်က (၈)မှတ်နဲ့ အထက်မှာ ရှိတယ်ဆိုရင် သင်မှာ အောက်ဖေါ်ပြပါ ကိုယ်ရည်ကိုယ်သွေးတွေ အားလုံးမဟုတ်တောင်မှ အများစု ရှိတယ်လို့ဆိုနိုင်ပါတယ်။
  • မပြည့်စုံသော သတင်းအချက်အလက်ပေါ်တွင် အခြေခံ၍ လုပ်ဆောင်လေ့ရှိခြင်း၊ မိမိ၏ စွမ်းဆောင်နိုင်ရည်ကိုတိကျစွာ အကဲဖြတ်လေ့ရှိခြင်း၊ မိမိစွမ်းဆောင်ရည်နှင့် လျှော်ညီသော ရည်မှန်းချက်ကို ချမှတ်လေ့ရှိခြင်း၊ ရရှိလာနိုင်မည့် အကျိုး အပြစ်များကိုတွက်ချက် သုံးသပ်လေ့ရှိခြင်း၊ စိန်ခေါ်မှုများသော်လည်း ရရှိနိုင်သည့် ဦးတည်ချက်များကို ချမှတ်လေ့ရှိခြင်း။
အရည်အချင်း (၅)။ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားခြင်း
ဒီအရည်အချင်းအတွက် အောက်ပါ မေးခွန်းများကို သဘောတူ၊ မတူ ဖြေဆိုထားတဲ့ အဖြေကိုကြည့်ပြီး အဖြေမှန်ပါက (၁)မှတ်၊ မမှန်ပါက (၀)မှတ်ပေးပါ။

 မေးခွန်း (၄) သဘောတူသည်။ မေးခွန်း (၇) သဘောမတူပါ။ မေးခွန်း (၁၃) သဘောမတူပါ။  မေးခွန်း (၁၆)သဘောတူသည်။ မေးခွန်း (၂၂) သဘောတူသည်။  မေးခွန်း (၂၅) သဘောမတူပါ။ မေးခွန်း (၃၁) သဘောမတူပါ။ မးခွန်း (၃၄)သဘောတူသည်။ မေးခွန်း (၄၀) သဘောတူသည်။ မေးခွန်း (၄၃) သဘောမတူပါ။ မေးခွန်း (၄၉) သဘောမတူပါ။ မေးခွန်း (၅၂) သဘောတူသည်။

ဒီအရည်အချင်းအတွက် အမြင့်ဆုံး ရနိုင်တဲ့အမှတ်က (၁၂)မှတ်ဖြစ်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင် တယောက်မှာ ရှိသင့်တဲ့ ပျမ်းမျှအမှတ်ကတော့ (၈)မှတ်ဖြစ်ပါတယ်။ စာဖတ်သူရဲ့ ရမှတ်က (၈)မှတ်နဲ့ အထက်မှာ ရှိတယ်ဆိုရင် သင်မှာ အောက်ဖေါ်ပြပါ ကိုယ်ရည်ကိုယ်သွေးတွေ အားလုံးမဟုတ်တောင်မှ အများစု ရှိတယ်လို့ဆိုနိုင်ပါတယ်။

ပေးလာသည့်အခွင့်အရေးကို ရယူနိုင်ခြင်း၊ ကံကြမ္မာကို ရိုးမယ်ဖွဲ့လေ့မရှိခြင်း၊ မိမိကံကို မိမိဖန်တည်းလေ့ရှိခြင်း၊ မိမိကိုယ်ကို ယုံကြည်ခြင်း၊ ကိုယ်သာလျှင် ကိုယ့်ဘဝ၏ ပဲ့ကိုင်ရှင်ဟု ယုံကြည်ခြင်း၊ ရလဒ်နှင့် ညီမျှသော အားထုတ်မှုရှိခြင်း၊ ဆုံးဖြတ်ချက် ပြတ်သားခြင်း။
စာဖတ်သူအနေနဲ့ ဒီရလဒ်တွေကိုကြည့်ပြီး ကိုယ့်မှာ ဘယ်အရည်အချင်းတွေနဲ့ ပြည့်စုံတယ်၊ ဘယ်လို အရည်အချင်းတွေကို ဖြည့်ဆည်းဖို့ လိုသေးတယ်ဆိုတာကို ဆုံးဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တကယ်လို့ မူရင်း ဒါဟမ်တက္ကသိုလ်က မေးခွန်းလွှာကို ဖြေဆိုလိုတယ်ဆိုရင် အောက်ဖေါ်ပြပါ အင်တာနက်လင့်ကို သွားရောက်ဖြေဆိုနိုင်ပါတယ်။

 ရည်ညွန်းကိုးကား။ 
Burns, Paul (2010) Entrepreneurship and Small Business (3rd edition) Palgrave Macmillan: Basingstoke

General Entrepreise Tendency Test © Durham University 2003



Creative Commons License
စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်လာဖို့ လိုအပ်ချက်များကို ဆန်းစစ်ခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.

Saturday, 1 June 2013

လက်ရှိ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေနဲ့ ဆရာဇော်ဂျီရဲ့ ကဗျာ (၂)ပုဒ်

သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်နိုင်ငံခရီးစဉ်၊ အခု (၂၀၁၃) ဇွန်လဆန်းမှာ မြန်မာနိုင်ငံမှာ ပထမဆုံးကျဉ်းပမယ့် ကမ္ဘာ့စီးပွားရေးရာ ဆွေးနွေးပွဲ (World Economic Forum)တွေနဲ့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံအကြောင်းဟာ ကမ္ဘာ့စာနယ်ဇင်းတွေပေါ်မှာ ပြန်လည် ရေပန်းစားလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့အပါတ်ထုတ် ဘောဂဗေဒပညာရှင်စာစောင် (The Economist)မှာ မြန်မာနိုင်ငံအကြောင်းကို အထူးအစီအရင်ခံစာ အနေနဲ့ ဆောင်းပါး (၆)ပုဒ်အပြင် အပါတ်စဉ် ကမ္ဘာအရပ်ရပ်က အထူးသတင်းတွေကိုဖေါ်ပြတဲ့ ခေါင်းဆောင်များ (Leaders) ကဏ္ဍမှာ သမ္မတ ဦးသိန်းစိန်နဲ့ အိုဘားမားလက်ထက် ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံဆက်ဆံရေးကို သုံးသပ်တင်ပြထားပါတယ်။ 

ဒီဆောင်းပါးတွေ အားလုံးလိုလိုမှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ မြန်ဆန်မှု၊ ၂၀၁၀ နှစ်ဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေ့ဆုံပွဲရဲ့ အရေးပါမှု၊ မြန်မာ စစ်ခေါင်းဆောင်ဟောင်းများအနေနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်လိုစိတ်၊ သမ္မတဦးသိန်းစိန်နဲ့ စစ်ခေါင်းဆောင်ဟောင်းများစတင်ခဲ့တဲ့ ခေါင်မှစတဲ့ ပြုပြင်ပြောင်းလဲရေး (Top down transformation)၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့အလားအလာ၊ လူဦးရေ ၆၄ သန်းရှိတဲ့စျေးကွက်နဲ့ သယံဇာတပေါကြွယ်ဝမှု၊ အရှေ့တောင်အာရှပထဝီနိုင်ငံရေးမှာ မြန်မာနိုင်ငံရဲ့အရေးပါမှု၊ ပွင့်လင်းလာတဲ့မြန်မာနိုင်ငံမှာ ဆောင်ရွက်ဖို့တာစူနေတဲ့ သီလဝါစက်မှုဇုံ၊ ထားဝယ်စက်မှုဇုံ စတဲ့ စီမံကိန်းတွေအောင်မြင်လာရင် အရှေ့တောင်အာရှ ဒေသသာမက ကမ္ဘာ့စီးပွားရေးမှာ တနေ့တခြားအရေးပါလာတဲ့ အာရှတိုက်တတိုက်လုံးပါ အသွင်ပြောင်းလဲသွားနိုင်တဲ့ အကြောင်းတွေကို တင်ပြထားတာကို ဖတ်ရှုရပါတယ်။ ဒီလို အားကျစရာ၊ စိတ်တက်ကြွစရာ သုံးသပ်ချက်တွေအပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ရာမှာ လိုအပ်တဲ့ အခြေခံအဆောက်အအုံဆိုင်ရာလိုအပ်ချက်တွေ မပြည့်စုံမှု၊ ခုတလော ကြားနေရတဲ့ လူမျိုးရေး၊ ဘာသာရေးဋိပက္ခတွေစတဲ့ ကြုံတွေ့ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုလည်း သုံးသပ်ထားပါတယ်။ ကျွန်တော့် အမြင်ကိုပြောရရင် မြန်မာနိုင်ငံက စာအုပ်ဆိုင်တွေမှာ ၁၉၅၀ နှစ်များဆီက ထုတ်ဝေခဲ့တဲ့ တက္ကသိုလ်သုံးပြဌါန်းစာအုပ်တွေကို ရောင်းနေဆဲပဲဆိုတဲ့ အချက်ကလွဲရင် ကျန်တာတွေကတော့ လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ အလားအလာကို နိုင်ငံခြားသားပညာရှင်တွေသုံးသပ်နေကြ၊ ရေးသားနေကြဆောင်းပါးတွေထဲက အချက်တွေဘဲဖြစ်ပြီး ဘာမှထူးထူးခြားခြား သိပ်မပါပါဘူး။

ဒါပေမယ့် မေလ (၃၀)ရက်နေ့ထုတ် နိုင်ငံခြားရေးရာပေါ်လစီ (Foreign Policy) စာစောင်မှာ ဖေါ်ပြထားတဲ့ မြန်မာ့ခေတ်ရောက်ပြီလား (Myanmar's Moment?) ဆိုတဲ့ ဆောင်းပါးမှာ သုံးသပ်တင်ပြထားချက်တွေကတော့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့အတွက် ဒီနေရာကနေ မျှဝေချင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးအခြေအနေကို သုံးသပ်ထားတဲ့ ဒီဆောင်းပါးပါ အချက်အလက်တွေဟာ ကျွန်တော်တို့ သိတန်သလောက်၊ သိထားပြီးသားအချက်တွေဖြစ်တဲ့ အတွက် သိပ်ထူးဆန်းတဲ့အချက်တွေလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် တင်ပြထားတဲ့ပုံစံက ကျွန်တော်တို့တတွေ ဘယ်လောက်တောင် ကြိုးစားဖို့လိုသေးတယ်ဆိုတာကို တပ်လှန့်ပေးလိုက်သလိုခံစားရပါတယ်။

ဒီနိုင်ငံခြားရေးရာပေါ်လစီ (Foreign Policy)မဂ္ဂဇင်းက ဆောင်းပါးမှာ ဆောင်းပါးရှင်က မြန်မာနိုင်ငံကလက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ၊ အခွင့်အလမ်းတွေနဲ့ပါတ်သက်ပြီး ပြင်ပလောကမှာ စိတ်လှုပ်ရှားနေကြတာတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိအနေအထားနဲ့ အလှမ်းကွာနေတယ် လို့ဆိုပါတယ်။ သူတင်ပြထားတာကတော့ ၁၉၀၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် တိုးတက်မှုနှုံးဟာ တနှစ်ကို ၁.၆ ရာခိုင်နှုံးထက်မပိုဘူးလို့ ဆိုပါတယ်။ ဒီတိုးတက်နှုံးဟာ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ပျမ်းမျှ စီးပွားရေးတိုးတက်မှုနှုံးရဲ့ တဝက်ဘဲရှိတယ်လို့ ဆိုပါတယ်။ ပိုပြီးစိုးရိမ်စရာ ကောင်းတဲ့အချက်ကတော့ တနှစ်ကို ထုတ်ကုန် ၁.၆ ရာခိုင်နှုံးတိုးတက်သလို၊ လူဦးရေကလည်း တိုးလာတဲ့အတွက် လူတဦးကျဝင်ငွေနဲ့တွက်မယ်ဆိုရင် အဆိုပါ နှစ် ၉၀ ကာလအတွင်းမှာ တိုးတက်မှု လုံးဝ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒီကာလအတောအတွင်းမှာ တကမ္ဘာလုံးရဲ့ တဦးကျဝင်ငွေဟာ လေးဆ (၄၀၀ ရာခိုုင်နှုံး)တိုးတက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအတွက် ဒီနေ့ ကျွန်တော်တို မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်ဟာ အာရှတိုက်တတိုက်လုံး ထုတ်ကုန်ရဲ့ ၁၀၀၀ ပုံ ၂ ပုံ (၀.၂ ရာခိုင်နှုံး)ဘဲ ရှိတယ်လိုဆောင်းပါးရှင်က ပြောပါတယ်။ ဒီပမာဏဟာ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်က လူဦးရေ (၅) သိန်းကျော်ကျော်ရှိတဲ့ ဖရီ(စ)နို (Fresno)ဆိုတဲ့ မြို့ရဲ့ စီးပွားရေးထုတ်ကုန် ပမာဏနဲ့ တူညီတယ်လို့ နှိုင်းယှဉ်ပြပါသေးတယ်။ မြန်မာနိုင်ငံ လူဦးရေ ရဲ့ (၄)ရာခိုင်နှုံး (၂.၅ သန်း)ဘဲ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းမဟုတ်တဲ့ ရေခဲသေတ္တာ၊ မော်တော်ကား၊ စတဲ့ပစ္စည်းတွေကို ဝယ်ယူနိုင်တဲ့ ဝင်ငွေရှိတယ်လို့ဆိုပါတယ် တကမ္ဘာလုံးပျမ်းမျှကတော့ ၃၅ ရာခိုင်နှုံးဖြစ်ပါတယ်။ 

တခြားအာရှတိုက် နိုင်ငံတွေနဲ့မတူတဲ့ နောက်အချက်တချက်ကတော့  လယ်ယာစိုက်ပျိုးရေးကဏ္ဍရဲ့ အရေးပါမှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လျော့ကျမသွားဘဲ၊ စိုက်ပျိုးရေးအပေါ်မှာ ပိုပြီးမှီခိုလာရတဲ့ အချက်ပါဘဲ။ မြန်မာနိုင်ငံရဲ့ စုစုပေါင်းတိုင်းပြည် ထုတ်ကုန်မှာ လယ်ယာစိုုက်ပျိုးရေးကဏ္ဍရဲ့ အရေးပါမှုဟာ ၁၉၆၅ ခုနှစ်မှာ(၃၅)ရာခိုင်နှုံးဘဲရှိရာကနေ ၂၀၁၀ ခုနှစ်မှာ (၄၄) ရာခိုင်နှုံးထိ တိုးတက်လာတယ်လို့ဆိုပါတယ်။ ဒီကာလအတွင်းမှာ အခြား အာရှနိုင်ငံတွေရဲ့ လယ်ယာကဏ္ဍအပေါ်မှီခိုမှုဟာ သိသိသာသာ လျော့ကျသွားပြီး ပျမ်းမျှ (၁၂) ရာခိုင်နှုံးဘဲရှိတော့တယ်လို့ဆိုပါတယ်။ တခြား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အညွှန်းကိန်းတွေကို ကြည့်မယ်ဆိုရင်လည်း အားရစရာ မကောင်းပါဘူး။ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ရဲ့ ခန့်မှန်းချက်အရ ပျမ်းမျှမြန်မာနိုင်ငံသားတယောက်အနေနဲ့ စာသင်ကျောင်းတက်ခဲ့တဲ့နှစ် (၄)နှစ်  (four years of schooling) ဘဲ ရှိတယ်လို့ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံသားတယောက်ရဲ့ ပျမ်းမျှပညာအရည်အချင်းဟာ လေးတန်းအောင်လို့ ဆိုလိုတာမဟုတ်ပါဘူး။ လူတယောက်ဟာ (၄)နှစ်ကျောင်းတက်ပြီး ဒုတိယတန်းနဲ့ ကျောင်းထွက်ခဲ့ရတာလည်း ရှိနိုင်ပါတယ်။ ဒီလို ပညာရေးစံနစ်နိမ့်ကျတဲ့အတွက် မြန်မာနိုင်ငံက လုပ်သားထုရဲ့ ကုန်ထုတ်စွမ်းအား (Labour Productivity)ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် (၃၀) ရာခိုင်နှုံးဘဲ ရှိတယ်လို့ဆိုပါတယ်။ တနည်းအားဖြင့် သူများနိုင်ငံမှာ အလုပ်သမား တစ်ယောက် လုပ်ရတဲ့အလုပ်ကို ကျွန်တော်တို့နိုင်ငံက အလုပ်သမား (၃) ယောက်လုပ်ဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံ ဘယ်လောက်တောင် နောက်ကျကျန်ရစ်ခဲ့ပြီ၊ ကျွန်တော်တို့တတွေ ဘယ်လောက်တောင် ကြိုးစားဖို့လိုသေးတယ် ဆိုတာ အလွန်ထင်ရှားပါတယ်။

ဒီဆောင်းပါးမှာဘဲ ဆောင်းပါးရှင်က အခြားမြန်မာနိုင်ငံအကြောင်းဆောင်းပါးတွေလို မြန်မာနိုင်ငံ အလားအလာကောင်းတဲ့အကြောင်း ဆက်ရေးထားပါတယ်။ ကျွန်တော်ကို အဆိုးမြင်သူလို့ထင်ရင်ထင်ပါ။ ဒါပေမယ့် ဒီအလားအလာကောင်းတွေဟာ ပဒေသာပင်ကြီးမြေကပေါက်လာသလို ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ ကျွန်တော် အမြဲတမ်းယုုံကြည်ထားတဲ့ အချက်ကတော့ ကျွန်တော်တို့ နိုင်ငံသားတွေ တဦးခြင်း တယောက်ခြင်း ကြိုးစားအားထုတ်မှုမရှိရင်၊ ကြိုးစားချင်ပါရက်နဲ့ ကြိုးစားအားထုတ်နိုင်ဖို့ အခြအနေ အခွင့်အလမ်းမရှိရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွ ဘယ်လောက်ဝင်ဝင်၊ ပြည်ပအကူအညီတွေ ဘယ်လောက်ရရ၊ တိုးတက်ဖွံ့ဖြိုးလာမှာမဟုတ်ပါဘူး။ တကယ်တမ်း ကမ္ဘာပေါ်မှာ ကြည့်ရင်လဲ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ (Developing countries) ကနေ ဖွံ့ဖြိုးပြီးနိုင်ငံ (Developed countries)အဖြစ်အသွင်ပြောင်းသွားတာ၊ ပြည်ပအကူအညီအထောက်အပံ့ကြောင့် ဆင်းရဲမွဲတေမှုတွေပပျောက်သွားတဲ့နိုင်ငံရယ်လို့ မရှိသေးပါဘူး။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကြောင့် တဟုန်ထိုးတိုးတက်လာတယ်ဆိုတဲ့ ကျွန်တော်တို့ အာရှက တရုတ်၊ ဗီယက်နမ် စတဲ့နိုင်ငံတွေလည်း အခုတော့ ဝင်ငွေအလယ်အလတ်ထောင်ချောက် (Middle Income Trap)လို့ခေါ်တဲ့ တဦးကျ ဝင်ငွေအလယ်အလတ်အဆင့်နိုင်ငံ (Middle Income countries)ကနေ ဝင်ငွေမြင့်နိုင်ငံ (High Income countries)အဖြစ် ကူးပြောင်းဖို့ရာမှာ မလွယ်ကူတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ထို့အတူ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ နိုင်ငံခြားအကူအညီတွေ ပုံအောရရှိခဲ့ပေမယ့် ဆင်းရဲမွဲတေမြဲဖြစ်တဲ့ အာဖရိကတိုက်ကနိုင်ငံတွေရဲ့  ဥပမာအရ ဆင်းရဲမွဲတေမှုတွေ ပပျောက်အောင်ကြိုးပမ်းရာမှာ နိုင်ငံခြား အကူအညီ အထောက်အပံ့တွေရဲ့ အရေးပါမှုကို မေးခွန်းထုတ်လာကြပါတယ်။

ဒါကြောင့် နိုင်ငံသားတဦးချင်းတယောက်ချင်းစီက မိမိကိုယ်မိမိ တိုးတက်အောင်၊ တခြားနိုင်ငံက လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်၊ ပြည်တွင်းစီးပွားရေးလုပ်ငန်း တခုချင်းစီက ကိုယ်လုပ်ငန်းကို အစဉ်အမြဲတိုးတက်နေအောင်၊ တခြားနိုင်ငံက လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ကြိုးပမ်းနိုင်မှ၊ ကြိုးပမ်းနေမှ၊ ကြိုးပမ်းနိုင်ဖို့၊ ကြိုးပမ်းနေဖို့ အခွင့်အလမ်းတွေကိုလည်း နိုင်ငံတော်က ဖန်တီးပေးနိုင်မှ လက်ရှိ စီးပွားရေး၊ နိုင်ငံရေး ပွင့်လင်းလာမှုက ပေးလာတဲ့ အခွင့်အလမ်းတွေကို ဖမ်းဆုတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောစရာရှိတဲ့ အချက်တချက်ကတော့ အဆိုပါ နိုင်ငံခြားရေးရာမူဝါဒ ဆောင်းပါးမှာ တင်ပြထားတဲ့ စာရင်းဇယား အချက်အလက်တွေရဲ့ ခိုင်လုံမှုပါ။ စာရင်းအင်းပညာကို သင်ကြားပိုု့ချနေတဲ့သူတယောက်အနေနဲ့၊ ကမ္ဘာ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေကို အသုံးပြုပြီး သုတေသနလုပ်နေတဲ့သူတယောက်အနေနဲ့ စာရင်းအင်းအချက်အလက်တွေရဲ့ ခိုင်လုံမှု၊ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေက စာရင်းအင်းအချက်အလက်တွေ ရယူနိုင်ဖို့ ခဲယဉ်းမှု တွေကို သဘောပေါက်တဲ့အတွက် ဒီအချက်အလက်တွေကို လုံးဝအမှန်တရားတွေလို့ မယူဆပါဘူး။ ဒါပေမယ့် ဒီကာလအတောအတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှင်သန်နေထိုင်သွားခဲ့တဲ့ အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီ (၁၉၀၇ - ၁၉၉၀) ရဲ့ "တိုံတိုင်းပြည်" ကဗျာအရဆိုရင်တော့ ဒီအချက်တွေဟာ မှန်ကန်ဖိုံများပြီး၊ ယနေ့တိုင် မှန်ကန်ဆဲလိုတောင် ဆိုနိုင်ပါတယ်။ ဒီကဗျာဟာ ကျွန်တော်တို့ ကျောင်းနေစဉ်က အထက်တန်းမှာ ကျောင်းသုံးအဖြစ်ပြဌါန်းခဲ့တဲ့ ပင်ရင်းမြန်မာကဗျာများထဲမှာ အကြိုက်ဆုံး ဆရာဇော်ဂျီ့ ကဗျာ (၂)ပုဒ်ထဲက တပုဒ်ဖြစ်ပြီး အခုအချိန်ထိ ပြန်ဖတ်တိုင်း မချိတင်ကဲနဲ့ မျက်ရည်ဝဲရတဲ့ ကဗျာဖြစ်ပါတယ်။ ဒီကဗျာကို မဖတ်ဘူးတဲ့ လူငယ်တွေလည်း အလွယ်တကူ ဖတ်ရအောင်၊ ဖတ်ဖူးတဲ့သူတွေလည်း ပြန်လည်ခံစားရအောင် ကူးယူဖေါ်ပြလိုက်ပါတယ်။

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
စေတီစပါး၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊
လှည့်လည်သွားလျက်၊
မစားလေရ၊ ဝမ်းမဝ၍၊
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျင်၊
မြင်သာမြင်ရ၊ မစားရ၍၊
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျော့လုံ့လ၊
သူကစ၍၊ ငါကအားလုံး၊
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်၊
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊
ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊
ဉာဏ်ရှေ့ ပန်း၍၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။

ဇော်ဂျီ (၁၉၃၅ ခုနှစ် သြဂုတ်လ ကြီးပွားရေးမဂ္ဂဇင်း၊ အတွဲ (၃) အမှတ် (၁၁))

မစိုးရိမ်ဆရာတော် နှင့် စာရေးသူ (လန်ဒန်၊ ၀၈၊ ၀၇၊ ၂၀၀၉ )

ဒီကဗျာအပါအဝင် ဆရာဇော်ဂျီရဲ့ ကဗျာတွေကို ၁၉၈၈ နောက်ပိုင်းမှာ ကျောင်းသုံးအဖြစ်ပြဌါန်းရာကနေ ပယ်ဖျက်ခဲ့တယ်လို့ထင်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဆရာဇော်ဂျီရဲ့ ကျော်ကြားတဲ့ အခြားကဗျာတပုဒ်ဖြစ်တဲ့ "သင်သေသွားသော်" ကဗျာကိုတော့ ကျောင်းသုံးအဖြစ်ပြန်လည် ပြဌါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီသင်သေသွားသော် ကဗျာကလည်း ကျွန်တော့ရဲ့ အကြိုက်ဆုံးကဗျာတပုဒ်ဖြစ်ပြီး ယခု ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မန္တလေး မစိုးရိမ်ဆရာတော်ဘုရားကြီး ၂၀၀၉ ခုနှစ်က လန်ဒန်ကို ကြွလာတုန်း အိမ်မှာ ဆွမ်းဖိတ်ကျွေးစဥ်က သြဝါဒပေးရာမှာ ရွတ်ဆိုပြခဲ့တဲ့ ကဗျာလည်းဖြစ်ပါတယ်။ ဒီကဗျာကိုလည်း စာဖတ်သူတွေ တလက်စတည်း ပြန်လည်ဖတ်ရှုခံစားနိုင်အောင်၊ စိတ်ဓါတ်ခွန်အားတွေ တိုးပွားလာအောင် ကူးယူဖေါ်ပြ လိုက်ပါတယ်။

သင်သေသွားသော်

သြော်.. လူ့ပြည်လောက၊ လူ့ဘဝကား၊
အိုရနာရ၊ သေရဦးမည်၊
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏၊
သင်၏အမျိုးသား၊ စာစကားလည်း၊
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏၊
သင်ဦးချ၍၊ အမျှဝေရာ၊
စေတီသာနှင့်၊ သစ္စာအရောင်၊
ဉာဏ်တန်ဆောင်လည်း၊
ပြောင်လျက် ဝင်းလျက်၊ ကျန်စေသတည်း။
ဇော်ဂျီ


မစိုးရိမ်ဆရာတော်ဘုရားကြီး၏ သြဝါဒ တရား ဗီဒီယို

ဒီကဗျာ (၂) ပုဒ်နဲ့ ဆရာကြီးဇော်ဂျီ မှာကြားတဲ့အတိုင်း၊ ကျွန်တော်တို့ အားလုံး တစိတ်တဝမ်းတည်း၊ ထကြွလုံ့လရှိရှိ၊ လက်ရုံးများမြာင်၊ ဉာဏ်များမြောင်နဲ့ ကြိုးစားစွမ်းဆောင်ကြမယ်ဆိုရင် ကျွန်တော်တို့ မွေးဖွားရာမြေ အခြေတိုးမြင့်လာမှာ မလွဲဧကန်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆောင်းပါးတွေမှာတော့ စီးပွားရေးလုပ်ငန်းတွေ စတင်ရာမှာ အရေးကြီးတဲ့ စွန့်ဦးတီထွင် စိတ်ဓါတ်အကြောင်းကို တင်ပြဖို့ စိတ်ကူးထားပါတယ်။

ရည်ညွန်းကိုးကား။
  • Special Reports on Myanmar (The Economist, May 23, 2013)
  • Myanmar's moment? (By Heang Chhor and Richard Dobbs, Foreign Policy, May 30, 2013)
  • အထက်တန်း ပင်ရင်းမြန်မာကဗျာများ

Creative Commons License  
လက်ရှိ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေနဲ့ ဆရာဇော်ဂျီရဲ့ ကဗျာ (၂)ပုဒ် by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.

Saturday, 25 May 2013

ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာ ကုန်ကျစားရိတ် နှင့် တရားမျှတမှု (Property Rights, Transaction Costs and Justice)

Professor Ronald Coase
(29/12/1910-Age 102)
အရင်အပါတ်ဆောင်းပါးတွေမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ သီအိုရီအမျိုးမျိုးကို တင်ပြခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ဈေးကွက်မှာလွဲပြောင်းရောင်းဝယ်ခြင်း၊ ဈေးနှုံးသတ်မှတ်ခြင်း စတာတွေနဲ့ ပါတ်သက်တဲ့ သီအိုရီ အချို့ကို တင်ပြလိုပါတယ်။ ပထမ သီအိုရီကတော့ ၁၉၆၀ ခုနှစ် တရားဥပဒေနဲ့ဘောဂဗေဒဂျာနယ် (Journal of Law and Economy)မှာ ရှီကာဂိုတက္ကသိုလ်က ဘောဂဗေဒပါမောက္ခ ရော်နယ်(လ်)ကို့(စ) (Ronald H Coase)ရေးသားခဲ့တဲ့ လူမှုရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုပြဿနာ (Problem of Social Cost)ဆောင်းပါးကို အခြေခံထားတဲ့ ကို့(စ)သီအိုရီပါ။ ဒီသီအိုရီဟာ ဘောဂဗေဒနဲ့စီးပွားရေး ဘာသာရပ်မှာ ရည်ညွှန်းကိုးကားခံရဆုံး သီအိုရီတရပ်ဖြစ်ပြီး ဒီသီအိုရီကို ဖေါ်ထုတ်ခဲ့တဲ့အတွက် ၁၉၉၁ ခုနှစ် ဘောဂဗေဒပညာဆိုင်ရာ နိုဘယ်(လ်)ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ကို့(စ)က သူ့ရဲ့ဆောင်းပါးမှာ အများပြည်သူကို ထိခိုက်စေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပါတ်သက်ပြီး တင်ပြခဲ့တာဖြစ်ပါတယ်။ ဥပမာ စက်ရုံတရုံက ထွက်တဲ့ မီးခိုးတွေကြောင့် အနီးအနားပါတ်ဝန်းကျင်မှာ နေတဲ့သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ် ဆိုကြပါစို့။ သမရိုးကျ အတိုင်းဆိုရင်ကတော့ မီးခိုးကြောင့် ကျန်းမာရေးထိခိုက်သူတွေကို စက်ရုံပိုင်ရှင်က လျော်ကြေးပေးစေတာ၊ ဒါမှမဟုတ် ထိခိုက်နစ်နာဆုံးရှုံးမှုကို ငွေကြေးနဲ့တန်ဖိုးဖြတ်ပြီး စက်ရုံပိုင်ရှင်ကို အခွန်ကောက်ခံတာ၊ နောက်ဆုံး စက်ရုံကို လူနေရပ်ကွက်တွေနဲ့ ဝေးတဲ့နေရာ ရွှေ့ပြောင်းစေတာ၊ စတဲ့ ဖြေရှင်းနည်းတွေကို အသုံးပြုနိုင်ပါတယ်။ ကို့(စ)ရဲ့အဆိုအရ အဆိုပါနည်းလမ်းတွေဟာ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်မလာနိုင်တဲ့အတွက် သင့်တော်တဲ့ဖြေရှင်းနည်းတွေမဟုတ်ပါဘူး။ ဒီသမရိုးကျဖြေရှင်းနည်းတွေက ရွေးချယ်စရာတွေကို ကန့်သတ်ရာရောက်တယ်လို့ ကို့(စ)ကဆိုပါတယ်။ လူတဦးက အခြားသူတဦးရဲ့အကျိုးစီးပွားကို ထိခိုက်အောင်လုပ်တယ်ဆိုပါစို့။ သမရိုးကျဖြေရှင်းနည်းတွေက ကိုယ့်အကျိုးစီးပွားကို ထိခိုက်အောင်လုပ်တဲ့သူကို ဘယ်လိုတားဆီးထိမ်းချုပ်မလဲဆိုတဲ့မေးခွန်းပေါ်မှာ အခြေခံတဲ့ လက်တုန့်ပြန်မှုကို ဦးစားပေးစဉ်းစားတဲ့ ဖြေရှင်းနည်းတွေသာဖြစ်တယ်လို့ ကို့(စ)ကဆိုပါတယ်။ တကယ်တမ်းအဖြေရှာရမှာကတော့ လူတဦးက အခြားသူတဦးရဲ့ အကျိုးစီးပွားကိုထိခိုက်အောင်ပြုလုပ်ဖို့ ခွင့်ပြုသင့်သလား ဆိုတဲ့မေးခွန်းဖြစ်တယ်။ ဖြေရှင်းရမယ့်အဓိကပြဿနာက ပိုပြီးဆိုးရွားတဲ့ အကျိုးစီးပွားထိခိုက်မှုကို ရှောင်လွှားနိုင်ဖို့ဖြစ်တယ်လို့ ကို့(စ)ကဆိုပါတယ်။

ဥပမာအနေနဲ့ စာဖတ်သူပိုင်တဲ့ လယ်ကွက်ရဲ့အနီးမှာ တခြားသူယောက်က နွားမွေးမြူရေးလာလုပ်ရာက အဆိုပါခြံကနွားတွေကို ခြံထဲမှာလှောင်မထားဘဲ လွှတ်ကျောင်းတဲ့အတွက် စာဖတ်သူရဲ့ လယ်ကွက်ထဲက သီးနှံတွေပျက်ဆီးကုန်တယ်ဆိုပါစို့။ စာရေးသူရဲ့တုန့်ပြန်မှုက အဆိုပါနွားခြံကိုပိတ်ပေးဖို့၊ ဒါမှမဟုတ် တခြားကိုရွှေ့ပေးဖို့ တောင်းဆိုမယ်ဆိုရင် ဒါဟာကို့(စ)အဆိုအရ သမရိုးကျဖြေရှင်းနည်းကို အသုံးပြုခြင်းပါဘဲ။ ဒီနေရာမှာ စဉ်းစားသင့်တာက စာဖတ်သူရဲ့ စိုက်ပျိုးရေး(သီးနှံထုတ်လုပ်မှု) နဲ့ နွားမွေးမြူရေး (အသားထုတ်လုပ်မှု) လုပ်ငန်း(၂)ခုအနက်က ဘယ်လုပ်ငန်းက စီးပွားရေးအရ အစွန်းထွက်တန်ဘိုး ပိုဖန်တီးနိုင်သလဲဆိုတာပါဘဲ။ တကယ်လို့ စာဖတ်သူရဲ့ စိုက်ပျိုးရေးလုပ်ငန်းက တနှစ်ဝင်ငွေ (၃)သိန်းရှိပြီး နွားမွေးမြူရေးခြံပိုင်ရှင်အနေနဲ့ ၊နွားတွေကို လွတ်လွတ်လပ်လပ် လွှတ်ကျောင်းခွင့်ရရင် အသားပိုတိုးတဲ့အတွက် အမြတ်ငွေ(၅)သိန်းပိုရတယ်လို့ဆိုပါစို့။ ဒီအခြေအနေမျိုးမှာ စာဖတ်သူရဲ့ သီးနှံတွေပျက်ဆီးတဲ့အတွက် နွားမွေးမြူရေးခြံကိုပိတ်ခိုင်းခြင်းဟာ ပိုမိုဆိုးရွားတဲ့ အကျိုးစီးပွားထိခိုက်ပျက်ဆီးမှုကို ဖြစ်ပေါ်စေတယ်လို့ ကို့(စ)ကဆိုပါတယ်။ သင့်တော်တဲ့ ဖြေရှင်းနည်းကတော့ သင့်ပိုင်ဆိုင်တဲ့ လယ်ကွက်ထဲမှာ သင့်ရဲ့ စိုက်ပျိုးပိုင်ခွင့်ကို မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူထံ သင့်တော်တဲ့ဈေးနှုံးနဲ့လွှဲပြောင်းပေးခြင်းပါဘဲ။ စာဖတ်သူအနေနဲ့ သင်ပိုင်ဆိုင်တဲ့လယ်ကွက်မှာ စိုက်ပျိုးပိုင်ခွင့်ကို နွားမွေးမြူရေးခြံပိုင်ရှင်က (၃)သိန်းထက်ပိုပေးရင် လွှဲပြောင်းရောင်းချသင့်ပြီး နွားမွေးမြူရေးခြံပိုင်ရှင်အနေနဲ့လဲ သင်ရဲ့စိုက်ပျိုးပိုင်ခွင့်က (၅)သိန်းထက်မပိုရင် လွှဲပြောင်းရယူသင့်ပါတယ်။ ဒီလိုဖြေရှင်းခြင်းအားဖြင့် နှစ်ဦးနှစ်ဘက်စလုံး အကျိုးရှိစေမှာဖြစ်တယ်လို့ ကို့(စ)ကဆိုပါတယ်။

ကို့(စ)ရဲ့ဆောင်းပါးမှာတော့ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေ၊ ပိုင်ဆိုင်ခွင့်လွှဲပြောင်းတဲ့နေရာမှာ ဈေးနှုံးသတ်မှတ်မှုတွေကို အသေးစိတ်တင်ပြထားပါတယ်။ ဒီနေရာမှာ အကျဉ်းချုပ်တင်ပြရရင်တော့ ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာကုန်ကျစားရိတ်တွေ (Transaction Costs) မမြင့်မားဘူးဆိုရင် အစကနဦးမှာ မည်သူပိုင်ဆိုင်သည်ဖြစ်စေ၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင်တွေဟာ အဆိုပါပိုင်ဆိုင်ခွင့်ကို ပိုမိုတန်ဘိုးထားတဲ့သူတွေထံကို ဈေးကွက်မှာလွှဲပြောင်းရောင်းဝယ်ခြင်း (Market Transaction) ဖြင့် ရောက်ရှိသွားမယ်ဆိုတဲ့အချက်ပါဘဲ။ အထက်ပါဥပမာအရ လယ်ကွက်မှာ စိုက်ပျိုးပိုင်ခွင့်ရဲ့ မူလပထမပိုင်ရှင်ဟာ စာဖတ်သူဖြစ်သော်လည်း အဆိုပါပိုင်ဆိုင်ခွင့်ကနေ တန်ဘိုးပိုမို ထုတ်လုပ်နိုင်သူ ဖြစ်တဲ့ မွေးမြူရေးလုပ်ကိုင်သူထံ လွဲပြောင်းရောက်ရှိသွားတာဖြစ်ပါတယ်။

ကို့(စ)ရဲ့ သီအိုရီမှာ အရေးပါတဲ့အချက်ကတော့ ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာကုန်ကျစားရိတ် ဖြစ်ပါတယ်။ စာဖတ်သူရဲ့ လယ်ကွက်မှာ စိုက်ပျိုးပိုင်ခွင့်ကို မွေးမြူရေးလုပ်ငန်းရှင်ထံ လွှဲပြောင်းပေးရာမှာ အစိုးရဥပဒေအရ အခွန်ပေးဆောင်ရန်လိုပြီး ပေးဆောင်ရမယ့် အခွန်ငွေက (၃)သိန်းဆိုပါစို့။ ဒီအခြေအနေမျိုးမှာ စာဖတ်သူကလဲ သင်ရဲ့စိုက်ပျိုးပိုင်ခွင့်ရဲ့တန်ဘိုးဖြစ်တဲ့ (၃)သိန်းလိုချင်တယ်ဆိုရင်၊ မွေးမြူရေးလုပ်ငန်းရှင်အနေနဲ့ စာဖတ်သူကို သင့်ရဲ့စိုက်ပျိုးပိုင်ခွင့်အတွက်(၃)သိန်း၊ အစိုးရကို အခွန်အနေနဲ့ (၃)သိန်း၊ စုစုပေါင်းကုနကျမယ့် (၆)သိန်းဟာ နွားတွေကို လွတ်လွတ်လပ်လပ် လွှတ်ကျောင်းရာက ရရှိမယ့် အမြတ် (၅)သိန်းထက်ပိုနေတဲ့အတွက် ပေးနိုင်မှာမဟုတ်ပါဘူး။ ဒီလိုမျိုးရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှု ဆိုင်ရာ ကုန်ကျစားရိတ်တွေ မြင့်မားတယ်ဆိုရင် ပိုင်ဆိုင်ခွင့်တွေကို ဈေးကွက်မှာလွှဲပြောင်းရောင်းချနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရောင်းဝယ်ဖေါက်ကား လွှဲပြောင်းမှုဆိုင်ရာကုန်ကျစားရိတ်တွေ မြင့်မားခြင်းဟာ ဈေးကွက်စံနစ်ချို့ယွင်းမှု (Market failure)ကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တခုဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီအချက်ကို ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာကုန်ကျစားရိတ် သီအိုရီ (Transaction Costs Economic Theory)လို့ခေါ်တွင်ပြီး စီးပွားရေးဆိုင်ရာဘောဂဗေဒ (Business Economics)၊ စီမံခန့်ခွဲမှုဆိုင်ရာ ဘောဂဗေဒ (Managerial Economics)၊ နိုင်ငံတကာစီးပွားရေး မဟာဗျူဟာ (International Business Strategy) စတဲ့ဘာသာရပ်တွေရဲ့မှာ အရေးပါတဲ့ သီအိုရီ တခုဖြစ်ပါတယ်။ ဒီသီအိုရီပေါ်မှာ အခြေခံပြီး စီးပွားရေးလုပ်ငန်းတွေရဲ့ ဖြစ်တည်မှုကို လေ့လာခဲ့တဲ့ ဘောဂဗေဒပညာရှင် ဝီလျံဆင် (O. E. Williamson) ဟာ ၂၀၀၉ ခုနှစ် ဘောဂဗေဒဆိုင်ရာ နိုဘယ်(လ်)ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

Professor Richard Posner

January 11, 1939 (age 74)
ကို့(စ)ရဲ့သီအိုရီကို ဝေဖန်သူတချို့ကတော့ ဒီသီအိုရီမှာ တင်ပြချက်တွေဟာ တကယ်တမ်းတော့ အရင်ကရှိခဲ့တဲ့ လူမှုဖူလုံရေးဆိုင်ရာသီအိုရီ (Social Welfare Theory)ရဲ့ အခြေခံဖြစ်တဲ့ ပိုင်ဆိုင်မှု အရင်းအမြစ်များကို ထိရောက်စွာခွဲဝေရမယ်ဆိုတဲ့အယူအဆနဲ့ ဘာမှမကွာခြားဘူးလို့  ဆိုကြပါတယ်။ တခြားအရေးပါတဲ့ အချက်ကတော့ ရောင်းဝယ်ဖေါက်ကား လွှဲပြောင်းမှုဆိုင်ရာကုန်ကျစားရိတ်တွေ မြင့်မားတဲ့ အခြေအနေမျိုးမှာ ပိုင်ဆိုင်မှုတွေကိုဘယ်လိုလွှဲပြောင်းသင့်သလဲ ဆိုတဲ့မေးခွန်းပါဘဲ။ ဒီမေးခွန်းရဲ့အဖြေကို ရှာဖွေဖို့ ကြိုးစားသူကတော့ အမေရိကန်နိုင်ငံက ထင်ရှားတဲ့ ဥပဒေပညာရှင်နဲ့ အမေရိကန်ပြည်ထောင်စု သတ္တမအယူခံရုံးတရားသူကြီး (Judge on the United States Court of Appeals for the Seventh Circuit) ရစ်ချတ်ပို(စ)နာ  (Richard Posner) ဖြစ်ပါတယ်။ ပို(စ)နာဟာ ရှီကာဂိုတက္ကသိုလ်က ဥပဒေပါမောက္ခတဦးဖြစ်ပြီး ကိုh(စ)နဲ့လုပ်ဖေါ်ကိုင်ဖက်လဲ ဖြစ်ပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့ ဥပမာအတိုင်း ရောင်းဝယ်ဖေါက်ကား လွှဲပြောင်းမှုဆိုင်ရာ ကုန်ကျစားရိတ်တွေမြင့်မားရင် ပုဂ္ဂလိကပိုင်ဆိုင်မှု (စာဖတ်သူရဲ့လယ်ကွက်မှာ စိုက်ပျိုးပိုင်ခွင့်)ကို ပိုမိုတန်ဘိုးထားတဲ့သူ (မွေးမြူရေးလုပ်ငန်းရှင်)ထံ ဈေးကွက်ကတဆင့် လွှဲပြောင်းဖို့ မဖြစ်နိုင်ပါဘူး။ တနည်းအားဖြင့် ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာ ကုန်ကျစားရိတ်တွေ မြင့်မားခြင်းက ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ဈေးကွက်ကတဆင့် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့လွှဲပြောင်းမှု မဖြစ်အောင် တားဆီးထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကို့(စ)ရဲ့ သီအိုရီရဲ့လိုအပ်ချက်ကို ပို(စ)နာက ဖြည့်စွက်အဆိုပြုချက်တခု တင်ပြခဲ့ပါတယ်။ အဆိုပါဖြည့်စွက်အဆိုပြုချက် (Posner's Corollary) ကတော့ ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာ ကုန်ကျစားရိတ်တွေ မြင့်မားတဲ့ အခြေအနေမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို တန်ဘိုးပိုထားတဲ့သူရဲ့ လက်ထဲရောက်ရှိအောင် ဥပဒေကို အသုံးပြုပြီး ခွဲဝေပေးဖို့ဖြစ်ပါတယ်။ ဒီလိုခွဲဝေပေးခြင်းအားဖြင့် ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ဈေးကွက်က တဆင့် ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းဖို့မလိုအပ်တော့ပါဘူး။ ပိုင်ဆိုင်ခွင့်တွေကို ခွဲဝေပေးတဲ့ တရားသူကြီးက အသိဥာဏ်ပညာနဲ့ ပြည့်စုံပြီး သမာသမတ်ကျစွာနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို တန်ဘိုးအများဆုံးထားတဲ့သူတွေရဲ့ လက်ထဲရောက်ရှိအောင် ခွဲဝေပေးခြင်းအားဖြင့် ပိုင်ဆိုင်မှုတွေပေါ်ကနေ လူ့ဘောင်လောကကြီးအတွက် တန်ဘိုးအများဆုံး ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ (ဒီဖြည့်စွက်အဆိုပြုချက်ဟာ မူဝါဒတွေချမှတ်ရာမှာ လူအများစုအတွက်အမြင့်ဆုံးကောင်းကျိုးချမ်းသာရရှိရေးကို ဦးတည်ရမယ်ဆိုတဲ့ ဂျရယ်မီဘင်သမ် (Jeremy Bentham)ရဲ့ Utilitarianism ကိုအခြေခံထားတဲ့ အဆိုပြုချက်ပါဘဲ။) ဒီအဆိုအရ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကိုခွဲဝေရာမှာ တမ်းတူညီမျှမှု(equity)ထက် ပိုမိုထိရောက်မှု (efficiency)ပေါ်မှာ အခြေခံဖို့ဖြစ်ပါတယ်။

ပို(စ)နာရဲ့ ဖြည့်စွက်အဆိုပြုချက်ကို ဝေဖန်သူတွေကတော့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို စီးပွားရေးအရ တန်ဘိုးထုတ်ယူနိုင်မှုအပေါ်မှာမူတည်ပြီး ခွဲဝေခြင်းဟာ တရားမျှတမှုမရှိဘူးလို့ ဆိုကြပါတယ်။ ဥပဒေပါမောက္ခတဦးဖြစ်တဲ့ ပို(စ)နာရဲ့ တုန့်ပြန်ချက်ကျတော့ တရားမျှတမှုနဲ့ တရားမျှတတယ်ဆိုတဲ့ အတွေးအခေါ်ဟာ လူတဦးချင်းစီရဲ့ ပုဂ္ဂလိကဓိဌါန်အမြင်ဖြစ်ပြီး ဓမ္မဓိဌါန်ကျကျ ဆုံးဖြတ်လို့ မရဘူးလို့ ဆိုပါတယ်။ လူတိုင်းလူတိုင်းမှာ တရားမျှတမှု၊ သာတူညီမျှမှုနဲ့ ပါတ်သက်ပြီး ကိုယ်ပိုင်အမြင်တွေရှိကြပြီး ဆင်ခြင်တုံတရားရှိတဲ့လူအားလုံးလက်ခံနိုင်မယ့် ကျိုးကြောင်းညီညွတ်မှုရှိတဲ့ တရားမျှတမှုရဲ့ အဓိပ္ပါယ်ကို မဖေါ်ထုတ်နိုင်သေးဘူးလို့ ပို(စ)နာက ဆိုပါတယ်။ အဲဒါကြောင့် တရားသူကြီးမှာလည်း သူ့ရဲ့ကိုယ်ပိုင်အမြင်၊ ခံစားမှုရှိမှာဖြစ်တဲ့အတွက် ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးဖို့ ဆုံးဖြတ်ရာမှာ တရားမျှတမှုနဲ့ပါတ်သက်ပြီး သူ့ရဲ့ပုဂ္ဂလိကဓိဌါန်အမြင်ပေါ်မှာ မူတည်ပြီးဆုံးဖြတ်သင့်တယ်လို့ ဆိုပါတယ်။

ပို(စ)နာရဲ့အမြင်ကတော့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ခွဲဝေရာမှာ အကျိုးရှိထိရောက်တဲ့ ခွဲဝေမှုဖြစ်ရေးကသာ ဓမ္မဓိဌါန်ကျတဲ့ ဦးတည်ချက်ဖြစ်တယ်။ ဆင်ခြင်တုံတရားရှိတဲ့လူအားလုံး ပိုမိုအကျိုးရှိထိရောက်တဲ့ ခွဲဝေမှုရဲ့ ရလဒ်ကို သဘောတူကြမှာဖြစ်ပြီး၊ တရားမျှတမှုနဲ့ပါတ်သက်လို့ကတော့ လူတိုင်းလူတိုင်းမှာ မတူကွဲပြားတဲ့ အမြင်တွေရှိတဲ့အတွက် တရားမျှတပြီး သာတူညီမျှရှိတယ်ဆိုတဲ့ရလဒ်ကို လူအားလုံးက သဘောတူလက်ခံနိုင်ဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရားမျှတမှုရှိအောင်ပြုလုုပ်ဖို့ဆိုတာ နိုင်ငံရေးအလုပ်ဖြစ်ပြီး တရားသူကြီးတွေဟာ ရွေးချယ်တင်မြောက်ခံ နိုင်ငံရေးသမားတွေမဟုတ်တဲ့အတွက် နိုင်ငံရေးမလုပ်သင့်ဘူးလို့ ပို(စ)နာကဆိုပါတယ်။
စာဖတ်သူမြင်တဲ့အတိုင်း ပို(စ)နာရဲ့ ဖြည့်စွက်အဆိုပြုချက်အရဆိုရင် တရားသူကြီးရဲ့အဓိကအလုပ်ဟာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကနေ တန်ဘိုးအများဆုံး ထုတ်ယူနိုင်သူကို ဆုံးဖြတ်ပေးရမှာ ဖြစ်ပြီး ဒီဖြည့်စွက် အဆိုပြုချက်ကို အများလက်ခံအောင်တင်ပြဖို့၊ လက်တွေ့အသုံးချဖို့ ခဲယဉ်းပါတယ်။ ပထမပြဿနာကတော့ တရားရုံးအနေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကနေ တန်ဘိုးအများဆုံး ထုတ်ယူနိုင်သူကို ဆုံးဖြတ်ပေးဖို့ရာ မလွယ်ကူပါဘူး။ ဒုတိယနဲ့ ပိုအရေးကြီးတဲ့အချက်ကတော့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကနေ တန်ဘိုးထုတ်ယူရာမှာ ကနဦးဥစ္စာဓနခွဲဝေမှုရဲ့ အရေးပါမှုပါဘဲ။ ကျွန်တော်တို့ရဲ့ ဥပမာအရဆိုရင် မွေးမြူရေးခြံပိုင်ရှင်က ပိုချမ်းသာပြီး အရင်းအနှီးပိုစိုက်ထုတ်နိုင်တဲ့အတွက် စာဖတ်သူပိုင်တဲ့ လယ်ကွက်ကနေ စီးပွားရေးအရ တန်ဘိုး ပိုမိုထုတ်လုပ်နိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပို(စ)နာရဲ့ ဖြည့်စွက်အဆိုပြုချက်အတိုင်းသာဆိုရင် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်တွေဟာ ပိုင်ဆိုင်ခွင့်ကနေ စီးပွားရေးတန်ဘိုး ပိုမိုထုတ်ယူနိုင်စွမ်းရှိတဲ့ ကနဦးချမ်းသာတဲ့သူတွေရဲ့ လက်ထဲကိုရောက်ရှိသွားမှာ သေချာသလောက်ပါဘဲ။ ပို(စ)နာရဲ့ ဖြည့်စွက်အဆိုပြုချက်ကို ဝေဖန်တဲ့သူတွေကတော့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို တရားမျှတစွာ ခွဲဝေရာမှာ ရှောင်လွှဲလို့မရနိုင်တဲ့ နိုင်ငံရေးပါတ်သက်တဲ့အချက်တွေကို ပိုမိုထိရောက်စွာခွဲဝေခြင်းဆိုတဲ့ လွဲမှားတဲ့ ဦးတည်ချက်အောက်မှာ ဖုံးကွယ်မထားသင့်ဘူးလို့ ဆိုကြပါတယ်။

ဒီဆန့်ကျင်ဘက်အဆို (၂)ခုအပေါ်အခြေခံပြီး ကောက်ချက်ချနိုင်တာကတော့ တရားသူကြီးတွေအနေနဲ့ လက်ရှိ ရှိရင်းစွဲ တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေအရ ရှင်းလင်းမြင်သာစွာ၊ ဘက်လိုက်မှုကင်းစွာ ဆုံးဖြတ်နိုုင်တဲ့ အမှုကိစ္စမျိုးကိုသာ တာဝန်ယူ ဆုံးဖြတ်သင့်ပြီး၊ ဝိဝါဒကွဲပြားစရာရှိတဲ့၊ ဓမ္မဒိဌါန်ကျကျ ဆုံးဖြတ်လို့ မဖြစ်နိုင်တဲ့ ပြဿနာမျိုးတွေကိုတော အများသဘောတူညီမှုနဲ့ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရ (နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်း)က ဆုံးဖြတ်သင့်တယ်ဆိုတဲ့ အချက်ပါဘဲ။ ဒီလိုဆုံးဖြတ်ရာမှာ ဦးတည်ချက်က အများပြည်သူရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ သက်သာချောင်ချိရေးနဲ့ အကျင့်စာရိတ္တ စတာတွေကိုကာကွယ်ဖို့၊ မြှင့်တင်ဖို့အတွက်ဆိုရင် ဒီလိုဦးတည်ချက်တွေ ပြည့်မြောက်ဖို့အတွက် အစိုးရတရပ်အနေနဲ့ လူတဦးချင်းစီရဲ့ ရပိုင်ခွင့်တွေကို လျစ်လျူရှုပြီး ထိမ်းကျောင်းအုပ်ချုပ်မှုအာဏာ (Police Power)ကို အသုံးပြသင့်တယ်လိုဆိုပါတယ်။ ဒါဟာ လူအများစုအတွက်အမြင့်ဆုံး ကောင်းကျိုးချမ်းသာ ရရှိရေးကို ဦးတည်ရမယ်ဆိုတဲ့ ဂျရယ်မီဘင်သမ်ရဲ့သီအိုရီပေါ်မှာ အခြေခံထားတဲ့ အဆိုပြုချက်ပါဘဲ။ ဒီအဆိုပြုချက်နဲ့ ဆန့်ကျင်ဘက်ကတော့ ယခင်ဆောင်းပါးတွေမှာ တင်ပြခဲ့တဲ့ ဂျွန်လော့(ခ)ရဲ့ ချိုးဖေါက်လို့မရတဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်အပေါ်မှာ အခြေခံတဲ့ အဆိုပြုချက်ပါ။ အစိုးရတရပ်အနေနဲ့ လူတဦးချင်းစီရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အများအကျိုးအတွက်သိမ်းယူတယ်ဆိုပြီး လူတွေရဲ့ အသက်မွေးမှုဘဝကို မဖျက်ဆီးနိုင်ပါဘူး။ ဒါကြောင့် အများအကျိုးအတွက် လူတဦးချင်းစီရဲ့ တရားနည်းလမ်းကျစွာ ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို သိမ်းယူမယ်ဆိုရင် အစိုးရတရပ်အနေနဲ့ သင့်တင့်မျှတတဲ့ လျော်ကြေးပေးရမယ်လို့ဆိုပါတယ်။ ဥပမာ သင်ပိုင်ဆိုင်တဲ့ မြေကွက်ကို အများအကျိုးအတွက်အသုံးပြုဖို့၊ ဒါမှမဟုတ် စီးပွားရေးအရ တန်ဘိုးပိုမိုထွက်ရှိအောင် ပြုလုပ်နိုင်တဲ့သူထံလွှဲအပ်ဖို့ အစိုးရတရပ်က သိမ်းယူတယ်ဆိုပါစို့။ ဒီလိုသိမ်းယူတဲ့အတွက် အစိုးရက လျော်ကြေးအနေနဲ့ သင့်မြေကွက်ရဲ့ ဈေးကွက်ပေါက်ဈေးအတိုင်း ကာလတန်ဘိုး အပြည့်အဝကို ပေးရမှာဖြစ်ပါတယ်။ ဒါမှ သင့်အနေနဲ့ တခြားနေရာမှာ မြေကွက်တကွက် ပြန်ဝယ်ပြီး သင်ရဲ့ဘဝကို အမှီအခိုကင်းစွာ ဆောက်တည်နိုင်မှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးအပါအဝင် ပြီးခဲ့တဲ့ဆောင်းပါးတွေမှာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ တရားမျှတမှု၊ ဈေးကွက်စီးပွားရေးစံနစ်နဲ့ အစိုးရရဲ့အခန်းကဏ္ဍတွေကို တင်ပြခဲ့ပါတယ်။ ဒီဆောင်းပါးတွေရဲ့အစမှာ စာရေးသူတင်ပြခဲ့သလိုပါဘဲ ဒီဆောင်းပါးတွေရေးသားရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ စာဖတ်သူကို ပုဂ္ဂလိကပိုင်ဆိုင်မှု၊ တရားမျှတမှုနဲ့ ပါတ်သက်တဲ့ အခြေခံသီအိုရီတွေ၊ အတွေးအခေါ်တွေကို မိတ်ဆက်ပေးဖို့ပါဘဲ။ ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့ လက်ပန်းတောင်းတောင်ပြဿနာလို ကိစ္စမျိုးတွေကို ဖြေရှင်းဘို့၊ ဒီထက်ပိုပြီးပြောရရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အာမခံနိုင်ဘို့ဆိုရင် ပိုင်ဆိုင်ခွင့်နဲ့ တရားမျှတမှုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲဆိုတာ အလွန်အရေးကြီးပါတယ်။ ဒီဆောင်းပါးတွေမှာ တင်ပြခဲ့သလို ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နဲ့ တရားမျှတမှုဆိုတာ ရေးသားထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေပေါ်မှာဘဲ မူတည်တာမဟုတ်ပါဘူး၊ ဒီဥပဒေတွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ရေးဆွဲထားတယ်၊ ဒီဥပဒေတွေကို အကောင်အထည်ဖေါ်ရတဲ့သူတွေက ဘယ်လိုကျင့်သုံးတယ်၊ လူတဦးချင်းစီကလဲ ပိုင်ဆိုင်မှုနဲ့ တရားမျှတမှုကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုတယ်၊ စတဲ့အချက်တွေပေါ်မှာလဲ မူတည်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Image Credit:
ပါမောက္ခ ရော်နယ်လ်ကို့(စ) (Professor Ronald Coase)
http://commons.wikimedia.org/wiki/File%3ACoase.png
Attribution: By .Tivki at en.wikipedia [CC-BY-SA-3.0 (http://creativecommons.org/licenses/by-sa/3.0)], from Wikimedia Commons

ပါမောက္ခ ရစ်ချတ် ပို(စ)နာ (Professor Richard Posner)
http://commons.wikimedia.org/wiki/File%3ARichard_posner_harvardz.JPG
Attribution: By chensiyuan (chensiyuan) [GFDL (http://www.gnu.org/copyleft/fdl.html) or CC-BY-SA-3.0-2.5-2.0-1.0 (http://creativecommons.org/licenses/by-sa/3.0)], via Wikimedia Commons

ရည်ညွှန်းကိုးကား။

Adelstein, R. (2013) Property and Liability: An Introduction to Law and Economics, Online lecture at Coursea.
Coase, R. (1960) Problem Social Cost, Journal of Law and Economics Vol (3) pp. 1-44.


Creative Commons License
ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ ရောင်းဝယ်ဖေါက်ကားလွှဲပြောင်းမှုဆိုင်ရာ ကုန်ကျစားရိတ်နှင့်တရားမျှတမှု (Property Rights, Transaction Costs and Justice) by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.

Saturday, 11 May 2013

ပုဂ္ဂလိကပိုင်ဆိုင်မှု၊ လွတ်လပ်ခွင့်၊ ဈေးကွက်စံနစ် နှင့် အစိုးရ၏ အခန်းကဏ္ဍ (Private Property, Liberty, Market Mechanism and the Role of Government)


Justice by Edward Onslow Ford
ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ပါတ်သက်ပြီး အင်္ဂလိပ် တွေးခေါ်ပညာရှင် ဂျွန်လော့(ခ) (John Locke)နဲ့ ဂျရမီဘင်သမ်(မ) (Jeremy Bentham)တို့ ဖေါ်ထုတ်ခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို တင်ပြပြီးတဲ့နောက်မှာ အမေရိကန် နိုင်ငံရေးဒဿန ပညာရှင် လွတ်လပ်မှုအဓိကဝါဒီ (libertarian) ပါမောက္ခ ရောဘတ်နိုဇစ်(က)(Robert Nozick; 1938-2002)ရဲ့  ပုဂ္ဂလိကပိုင်ဆိုင်မှုကို ခွဲဝေတဲ့နေရာမှာ နိုင်ငံတော်နဲ့ ဈေးကွက်ရဲ့ အခန်းကဏ္ဍနဲ့ပါတ်သက်တဲ့ အမြင်ကို တင်ပြလိုပါတယ်။ 

ရောဘတ်နိုဇစ်(က)ရဲ့ကျော်ကြားတဲ့ မင်းမဲ့စရိုက်၊ နိုင်ငံတော် နဲ့ သုခဘုံ (Anarchy, State and Utopia, 1974) ဆိုတဲ့စာအုပ်မှာ ဂျရမီဘင်သမ်(မ) အဆိုပြုခဲ့တဲ့ အစိုးရတရပ်အနေနဲ့ ချမ်းသာတဲ့သူတွေဆီက ပိုင်ဆိုင်မှုအချို့ကိုယူပြီး ဆင်းရဲတဲ့သူတွေထံကို လွှဲပြောင်းပေးဖို့ တာဝန်ရှိတယ်၊ ဆင်းရဲချမ်းသာညီမျှအောင် ပြုလုပ်ပေးရမယ် (distributive justice) ဆိုတဲ့အချက်ကို စိန်ခေါ်ခဲ့ပါတယ်။ ရောဘတ်နိုဇစ်(က)က လူတစ်ဦးချင်းစီရဲ့လွတ်လပ်ခွင့်နဲ့ အခွင့်အရေးဟာ အလွန်အရေးပါပြီး ချိုးဖေါက်လို့ မရနိုင်အောင် ခိုင်မာတဲ့အတွက် နိုင်ငံတော်အနေနဲ့ လုပ်ပိုင်ခွင့် ဘာမှသိပ်မရှိပါဘူးလို့ ဆိုပါတယ်။ သူ့ရဲ့အဆိုအရ နိုင်ငံတော်ရဲ့အခန်းကဏ္ဍဟာ သဘောတူညီချက်ပဍိဉာဏ် တွေကို မချိုးဖေါက်အောင်တားဆီးဖို့နဲ့ ပြည်သူလူထုကို မတရားအနိုင်အထက်ပြုမှု၊ ခိုးဝှက်လုယူမှု၊ လိမ်လည်လှည့်ဖျားမှုစတဲ့ ဘေးရန်တွေက ကာကွယ်ပေးဖို့ထက် မပိုသင့်ပါဘူး။ တကယ်လို့ နိုင်ငံတော်ရဲ့အခန်းကဏ္ဍက ပြည်သူလူထုကို ကာကွယ်ပေးတဲ့အဆင့်ထက်ပိုလာရင် နိုင်ငံသားတွေရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ချိုးဖေါက်ရာရောက်တဲ့အတွက် မလျှော်ကန်ဘူး၊ နိုင်ငံတော်အနေနဲ့ လူတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို မချိုးဖေါက်သင့်ဘူးလို့ဆိုပါတယ်။ ရောဘတ်နိုဇစ်(က)ရဲ့အတွေးအခေါ်အရ     လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ဟာ လွတ်လပ်တဲ့ ဈေးကွက်ကတဆင့် ဖြစ်တည်လာတာလို့ဆိုပါတယ်။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ဟာ ဘုရားသခင်ထံက ဆင်းသက်လာတာဆိုတဲ့ ခေတ်နဲ့မလျော်ညီတဲ့ ဂျွန်လော့(ခ)ရဲ့ အယူအဆပေါ်မှာ အခြေခံတာမဟုတ်ပါဘူး။ 

ရောဘတ်နိုဇစ်(က)က မည်သူတစ်ဦးတယောက်ကိုမျှ သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒမပါဘဲ တခြားသူတွေကို ကူညီဖို့ အတင်းအကျပ် မစေခိုင်းသင့်ဘူလို့ ဆိုပါတယ်။ ဆင်းရဲတဲ့သူတွေကို ကူညီဖို့ ချမ်းသာသူတွေကို အခွန်ကောက်တာဟာ ချမ်းသာသူတွေကို အကျပ်ကိုင်တာဖြစ်တယ်၊ ဒါဟာ ချမ်းသာတဲ့သူတွေအနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းကို သူတို့စိတ်တိုင်းကျစီမံခန့်ခွဲခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးကို ချိုးဖေါက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရောဘတ်နိုဇစ်(က)ရဲ့အဆိုအရ လူတစ်ဦးနဲ့တစ်ဦး စီးပွားရေးအရ ဆင်းရဲချမ်းသာ မညီမျှတာဟာ ပြဿနာ မဟုတ်ပါဘူး။ လူတချို့က ဒေါ်လာဘီလီယံချီချမ်းသာပြီး တချို့သူတွေ တစ်ပြားမှမရှိအောင်ဆင်းရဲနေတာကို မြင်ရုံနဲ့ စံနစ်တခုလုံးကို တရားတယ်၊ မတရားဘူး ကောက်ချက်ချလို့မရဘူးလို့ ဆိုပါတယ်။  တရားမျှတတဲ့ ပစ္စည်းဥစ္စာခွဲဝေမှုဆိုတာ ဝင်ငွေညီမျှမှု၊ တန်းတူညီမျှပျော်ရွင်မှု၊ လူတစ်ဦးစီရဲ့အခြေခံလိုအပ်ချက်တွေကို မျှတအောင်ခွဲဝေမှု စတာတွေပေါ်မှာ မူတည်တယ်ဆိုတဲ့ အယူအဆကို ရောဘတ်နိုဇစ်(က)လက်မခံဘဲ တကယ်တမ်းအရေးကြီးတာက ဒီဥစ္စာဓန ခွဲဝေမှု ဘယ်လိုဖြစ်တည်လာသလဲဆိုတဲ့အချက်ဖြစ်တယ်လို့ ဆိုပါတယ်။ 

သူ့ရဲ့အဆိုအရ ဥစ္စာဓနခွဲဝေမှုဆိုတာ လွတ်လပ်တဲ့ဈေးကွက်စံနစ်အတွင်းမှာ လူတွေရဲ. လွတ်လပ်စွာရွေးချယ်မှုကနေ ဖြစ်တည်လာတာဖြစ်ပြီး၊ တရားမျှတတဲ့ခွဲဝေမှုဖြစ်ဖို့အတွက် လိုအပ်ချက် (၂)ရပ်ရှိပါတယ်။ ပထမလိုအပ်ချက်ကတော့ လူတစ်ဦးအနေနဲ့ သူစီးပွားရှာရာမှာ အသုံးပြုတဲ့ သွင်းအားစုတွေကို တရားဝင်ပိုင်ဆိုင်ခြင်းဆိုတဲ့ ကနဦး တရားမျှတမှုဖြစ်ပြီး၊ ဒုတိယလိုအပ်ချက်ကတော့ လူတဦး ချမ်းသာတဲ့ စီးပွားဥစ္စာတွေဟာ လွတ်လပ်တဲ့ဈေးကွက်မှာ တရားမျှတစွာ ရောင်းဝယ်ဖေါက်ကားခြင်းကတဆင့်၊ ဒါမှမဟုတ် တခြားသူတစ်ယောက်က မေတ္တာဖြင့်လက်ဆောင်အဖြစ်ပေးကမ်းခြင်းကတဆင့် ရရှိလာခြင်းဆိုတဲ့ ပစ္စည်းဥစ္စာလွဲပြောင်းတဲ့နေရာမှာ တရားမျှတမှုဖြစ်ပါတယ်။ ဒီအချက်(၂)ရပ်နဲ့ ပြည့်စုံတယ်ဆိုရင် လူတစ်ဦးအနေနဲဲ့ သူမှာရှိတဲ့ ဥစ္စာဓနတွေကို တရားမျှတစွာ ပိုင်ဆိုင်တာဖြစ်တဲ့အတွက် သူ့ရဲ့သဘောတူခွင့်ပြုချက်မရှိဘဲ နိုင်ငံတော်အနေနဲ့ အခွန်ကောက်ခွင့်၊ သိမ်းပိုက်ခွင့်မရှိပါဘူးလို့ ရောဘတ်နိုဇစ်(က)ကဆိုပါတယ်။ ဆိုလိုတာကတော့ လူတစ်ယောက်အနေနဲ့ မတရား ခိုးဝှက်ရယူထားတဲ့ ပစ္စည်းတွေပေါ်မှာ အခြေခံပြီး ချမ်းသာလာတာမဟုတ်ရင်၊ လိမ်လည်လှည့်ဖြားမတရားစီးပွားရှာပြီး ကြွယ်ဝလာတာမဟုတ်ရင် လွတ်လပ်တဲ့ဈေးကွက်မှာ တရားမျှတစွာ ရောင်းဝယ်ဖေါက်ကားရင်းနဲ့ ချမ်းသာကြွယ်ဝလာမှုမှန်သမျှဟာ ညီမျှသည်ဖြစ်စေ၊ မညီမျှသည်ဖြစ်စေ တရားမျှတတဲ့ ခွဲဝေမှုဖြစ်ပါတယ်။  

ဒါပေမယ့် လူတစ်ယောက်ရဲ့ လက်ရှိချမ်းသာကြွယ်ဝမှုကို အစပြုခဲ့တဲ့ ကနဦး သွင်းအားစုတွေကို သူ့အနေနဲ့ တရားမျှတစွာ ပိုင်ဆိုင်ခဲ့သလားဆိုတဲ့အချက်ကို ဆုံးဖြတ်ဖို့က မလွယ်ကူဘူးဆိုတာ ရောဘတ်နိုဇစ်(က)က ဝန်ခံပါတယ်။ လူတစ်ဦးရဲ့ ယခုပဉ္စက္ခကာလ ချမ်းသာကြွယ်ဝမှုဟာ အဆိုပါလူရဲ့ လွန်ခဲ့တဲ့ မျိုးဆက်တွေက သူတပါး ပိုင်ဆိုင်တဲ့ မြေယာ၊ အခြေပစ္စည်းစတာတွေကို အနိုင်အထက်သိမ်းယူ၊ ခိုးဝှက် လိမ်လည် လှည့်ဖြားပြီး ရယူထားတာတွေပေါ်မှာ အခြေမတည်ခဲ့ဘူးလို့ ဘယ်လိုလုပ်သိနိုင်မှာလဲလို့  ရောဘတ်နိုဇစ်(က)က ဆိုပါတယ်။ တကယ်လို့ လူတစ်ဦးရဲ့ လက်ရှိချမ်းသာကြွယ်ဝမှုဟာ အတိတ်ကာလက မတရားမှုတွေရဲ့ အကျိုးဆက်ဖြစ်တယ်ဆိုတာ သက်သေပြနိုင်ရင်တော့ အခွန်ကောက်ခံခြင်း၊ နစ်နာခဲ့သူတွေကို လျော်ကြေးအဖြစ် ပေးစေခြင်း စတဲ့နည်းလမ်းတွေသုံးပြီး ဒီလိုမတရားမှုပြုလုပ်ခဲ့တာတွေကို ပြေပျောက်အောင် ပြုလုပ်ရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ရောဘတ်နိုဇစ်(က) အလေးအနက်ထားပြောတာကတော့ ဒီလို အခွန်ကောက်ခံတာ၊ လျော်ကြေးပေးစေတာတွေဟာ အတိတ်ကာလက မတရားမှုတွေကို ဖြေရှင်းဖို့အတွက် သက်သက်သာဖြစ်ပြီး၊ လက်ရှိကာလ ဆင်းရဲချမ်းသာ မညီမျှမှုကို ဖြေရှင်းဖို့အတွက် မဟုတ်ပါဘူး။ ရောဘတ်နိုဇစ်(က)ရဲ့ အဆိုအရ လူတယောက် ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ လူတဦးချင်းစီရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ ဈေးကွက်ရဲ့ ဆုံးဖြတ်ချက်အရဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ဆင်းရဲချမ်းသာ မညီမျှလို့ ဆိုပြီး ချမ်းသာသူထံမှ အခွန်ကောက်ပြီး ဆင်းရဲတဲ့သူထံ ခွဲဝေပေးခြင်းဟာ လူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ လွတ်လပ်တဲ့ ဈေးကွက်ကို ဝင်ရောက်စွက်ဖက်ခြင်းလို့ ဆိုပါတယ်။
              
သမာအာဇီဝနဲ့ ချမ်းသာလာတဲ့သူတွေဆီကနေ ဆင်းရဲတဲ့သူတွေအတွက် အခွန်ကောက်ခံတဲ့ ဥစ္စာဓန ပြန်လည်ခွဲဝေခြင်းရဲ့ အဓိပ္ပါယ်မဲ့မှုကို  ရောဘတ်နိုဇစ်(က)က ဝင်ငွေအလွန်ကောင်းတဲ့ အားကစားသမား တစ်ဦးကို ဥပမာပေးပြီး တင်ပြခဲ့ပါတယ်။ ဒီနေ့ခေတ် ဥပမာပေးရရင် ဒေါ်လာ ၁၇၅ သန်းချမ်းသာပြီး၊ တနှစ်ဝင်ငွေ ဒေါ်လာ ၂၇ သန်းရှိတဲ့ ဒေးဗစ်ဘက်ဟမ် ဆိုပါစို့။ သူရတဲ့ဝင်ငွေ၊ သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ သူဘောလုံး ကစားတာကို ကြည့်ချင်တဲ့ သူရဲ့ပရိတ်သတ်ရဲ့ အားပေးမှုကနေ ရရှိတာဖြစ်ပါတယ်။  ဒေးဗစ်ဘက်ဟမ် ဒီလို ဝင်ငွေရရှိတာဟာ လူတဦးချင်းစီရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကြောင့်ဖြစ်ပြီး ဘယ်သူမှ နစ်နာတယ်လို့ အပြစ်ပြောလို့ မရပါဘူး။ သူကစားတာကို ကြည့်ချင်တဲ့ ပရိတ်သတ်က သူတို့ဆန္ဒ၊ သူတို့ရဲ့လွတ်လပ်စွာရွေးချယ်ခွင့်အရ  လက်မှတ်ဝယ်တာဖြစ်ပြီး၊ မကြည့်ချင်တဲ့သူတွေအနေနဲ့ ပိုက်ဆံတပြားမှ အကုန်ခံစရာ မလိုပါဘူး။ ဒေးဗစ်ဘက်ဟမ် အနေနဲ့လည်း ဒီလို ဝင်ငွေအမြောက်အများ ရရှိတဲ့အတွက် ဒီဘောလုံးကစားနည်းကို ကစားဖို့ သူ့ရဲ့ကိုယ်ပိုင်ဆန္ဒအရ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေးဗစ်ဘက်ဟမ်ရဲ့ ချမ်းသာကြွယ်ဝမှုဟာ လူတွေရဲ့လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ လွတ်လပ်တဲ့ဈေးကွက်စံနစ်ရဲ့ ရလဒ်ဖြစ်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က ဒီလို နာမည်ကြီး အားကစားသမားတစ်ဦး ချမ်းသာကြွယ်ဝလာတာကို  စီးပွားရေးအရ မညီမျှမှုဘူး တရားမျှတမှုမရှိဘူးလို့ ယုံကြည်ပြီး ဆင်းရဲတဲ့သူတွေကို ခွဲဝေပေးဖို့ အခွန်ကောက်ခံမယ်ဆိုရင် လွတ်လပ်တဲ့ဈေးကွက်ကို ဝင်ရောက်စွက်ဖက်ပြီး၊ လူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်က ပေါက်ဖွားလာတဲ့ အကျိုးဆက်ကို ပျက်ပြယ်အောင် လုပ်ဆောင်တာနဲ့ အလားသဏ္ဍန်တူတယ်လို့ ရောဘတ်နိုဇစ်(က) ယုံကြည်ပါတယ်။ ဒါ့အပြင် ဒီလို ဆင်းရဲတဲ့သူတွေကို အကူအညီပေးတဲ့နေရာမှာ အသုံးပြုဖို့ ဒေးဗစ်ဘက်ဟမ်ရဲ့ ဝင်ငွေအပေါ်မှာ အခွန်ကောက်ခံခြင်းဟာ လွတ်လပ်စွာ ရောင်းဝယ်ဖေါက်ကားရွေးချယ်မှုရဲ့ ရလဒ်ကို ဆန့်ကျင်ရာရောက်ရုံသာမက၊ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှုမှတဆင့်ရရှိတဲ့ ဝင်ငွေကို ဖြတ်တောက်ယူခြင်းဖြင့်  ဒေးဗစ်ဘက်ဟမ်ရဲ့ ပိုင်ဆိုင်မှု အခွင့်အရေးကို ချိုးဖေါက်ရာလည်းရောက်ပါတယ်။

ရောဘတ်နိုဇစ်(က)အဆိုအရ ဒီလို သမာအာဇီဝနဲ့ လူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကြောင့် ဖြစ်တည်လာတဲ့ ဥစ္စာဓနအပေါ်မှာ အခွန်ကောက်ခံခြင်းဟာ ငွေရေးကြေးရေး ပြဿနာသက်သက် မဟုတ်ပါဘူး။ လူတစ်ဦးရဲ့ အရေးကြီးတဲ့ ပိုင်ဆိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်မှုကို ထိခိုက်စေတဲ့ ပြဿနာတရပ်ဖြစ်တယ်လို့ ရောဘတ်နိုဇစ်(က)က ယုံကြည်ပါတယ်။ တကယ်လို့ နိုင်ငံတော် အနေနဲ့ လူတစ်ဦးတစ်ယောက်ရဲ့ လုပ်အားအပေါ်ကရရှိတဲ့ ဝင်ငွေအပေါ်မှာ အခွန်ကောက်ခံခွင့်ရှိတယ်ဆိုရင်၊ အဆိုပါပုဂ္ဂိုလ်ရဲ့ အချိန် တစိတ်တပိုင်းကိုလည်း နိုင်ငံတော်က တောင်းဆိုပိုင်ခွင့်ရှိတယ်လို့ ဆိုရာရောက်တယ်လို့ သူကဆိုပါတယ်။ ဆိုလိုတာက လူတယောက်ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုံး ကို အခွန်အဖြစ်ယူမယ့်အစား၊ သူကိုယ်ပိုင်အချိန်ရဲ့ ၃၀ ရာခိုင်နှုံးကို နိုင်ငံတော်အတွက် အလုပ်လုပ်ပေးဖို့ ညွှန်ကြားလာနိုင်တယ်လို့ ဆိုတာပါဘဲ။ ဒီယူဆချက်အရ လူတယောက်ရဲ့လုပ်အားကရရှိတဲ့ ဝင်ငွေပေါ်မှာ အခွန်ကောက်ခံခြင်းဆိုတာ အတင်းအကြပ်အလုပ်စေခိုင်းခြင်း (forced labour)နဲ့ အလားတူတယ်လို့ ရောဘတ်နိုဇစ်(က)က ယုံကြည်ပါတယ်။ တကယ်လို့ နိုင်ငံတော်မှာ လူတစ်ဦးတစ်ယောက်ကို အတင်းအကြပ် အလုပ်စေခိုင်းနိုင်ခွင့်ရှိတယ်ဆိုရင်၊ နိုင်ငံတော်က အဆိုပါလူပုဂ္ဂိုလ်ကို တစိတ်တပိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ဆိုလိုရာရောက်ပါတယ်။ ရောဘတ်နိုဇစ်(က)ရဲ့ အမြင်အရတော့ အခွန်ကောက်ခံခြင်း (လူတဦးရဲ့ဝင်ငွေကို ဖြတ်ယူခြင်း)ဆိုတာ အတင်းအကြပ်အလုပ်စေခိုင်းခြင်း (လူတဦးရဲ့လုပ်အားကို ရယူခြင်း)ဖြစ်ပြီး ကျေးပိုင်ကျွန်ပိုင်စံနစ် (လူတဦးရဲ့မိမိကိုယ်မိမိပိုင်ဆိုင်ခွင့်ကို ငြင်းပယ်ခြင်း)နဲ့ အလားတူတယ်လို့ဆိုပါတယ်။   

ရောဘတ်နိုဇစ်(က)ရဲ့ အထက်ပါ လွတ်လပ်မှုအဓိကဝါဒကို အစိုးရတရပ်အနေနဲ့ ချမ်းသာတဲ့သူတွေထံက အခွန်ကောက်ခံပြီး ဆင်းရဲတဲ့သူတွေထံကို ခွဲဝေပေးရမယ်ဆိုတဲ့ အယူအဆကို လက်ခံသူတွေက ကန့်ကွက်ကြပါတယ်။ အဲဒီကန့်ကွက်ချက်အချို့နဲ့ လွတ်လပ်မှုအဓိကဝါဒီတွေရဲ့ တုန့်ပြန်ချက်တွေကို တင်ပြလိုပါတယ်။ ပထမ ကန့်ကွက်ချက်ကတော့ အခွန်ကောက်ခံခြင်းဆိုတာ အတင်းအကြပ် အလုပ်စေခိုင်းခြင်းလောက် မဆိုးဘူးဆိုတဲ့ အချက်ပါ။ တကယ်လို့ အခွန်ကောက်ခံရတာကို မကျေနပ်ရင် လူတယောက်အနေနဲ့ အခွန်လျှော့ပေးရအောင် အလုပ်ကို လျော့လုပ်ဖို့ရွေးချယ်နိုင်ပြီး၊ အတင်းအကြပ် အလုပ်စေခိုင်းခံရသူ အဖို့တော့ ရွေးချယ်စရာမရှိဘူးလို့ဆိုပါတယ်။ လွတ်လပ်မှုအဓိကဝါဒီတွေရဲ့ တုန့်ပြန်ချက်ကတော့ လူတယောက်က အစိုးရကကောက်ခံတဲ့ အခွန်မပေးချင်လို့ အလုပ်ကိုလျှော့လုပ်တယ် ဆိုကတဲက သူ့ရဲ့လွတ်လပ်ပိုင်ခွင့်ကို အစိုးရအနေနဲ့ဝင်ရောက်စွက်ဖက်ခြင်းပါဘဲလို့ ဆိုပါတယ်။

ဒုတိယကန့်ကွက်ချက်ကတော့ ချမ်းသာတဲ့သူတွေနဲ့စာရင် ဆင်းရဲတဲ့သူတွေက ပိုက်ဆံပိုလိုအပ်တယ်၊ ဒါကြောင့် အခွန်ကောက်ခံတာ တရားမျှတတယ်ဆိုတဲ့ အချက်ပါ။ လွတ်လပ်မှုအဓိကဝါဒီတွေ တုန့်ပြန်တာကတော့ ဆင်းရဲတဲ့သူတွေက ပိုက်ဆံပိုလိုအပ်တယ်ဆိုတာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအချက်ကို ချမ်းသာသူတွေ သူ့တို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ဆင်းရဲတဲ့သူတွေကို ထောက်ပံ့ချင်အောင် ဆွဲဆောင်တဲ့ အကြောင်းပြချက်အဖြစ်ဘဲ သုံးသင့်ပြီး ချမ်းသာတဲ့သူတွေဆီက အတင်းအကြပ် အခွန်ကောက်ခံတာကို တရားမျှတကြောင်းပြဖို့ မသုံးသင့်ဘူးလို့ ဆိုပါတယ်။ ချမ်းသာကြွယ်ဝသူတွေဆီက သူတို့ဆန္ဒမပါဘဲ အတင်းအကြပ်ယူပြီး ဆင်းရဲနွမ်းပါးသူတွေကို ခွဲဝေပေးခြင်းဟာ သူခိုးကြီး ငတက်ပြား လုပ်တာဘဲဖြစ်ဖြစ်၊ အစိုးရတရပ်က လုပ်တာဘဲဖြစ်ဖြစ် အဒိန္နာဒါနကံ ကျူးလွန်ခြင်းဘဲလို့ လွတ်လပ်မှုအဓိကဝါဒီတွေက တုန့်ပြန်ပါတယ်။ သူတို့ပေးတဲ့ ဥပမာကတော့ ကျောက်ကပ်အစားထိုးဖို့လိုအပ်တဲ့ ဝေဒနာရှင်တဦးအနေနဲ့ ကျန်းမာတဲ့သူတယောက်ရဲ့ ကျောက်ကပ်နှစ်လုံးထဲကတလုံးကို လိုအပ်တာမှန်ပေမယ့် ဒီဝေဒနာရှင်မှာ ကျန်းမာတဲ့သူရဲ့ ကျောက်ကပ်ကို ရပိုင်ခွင့်ရှိတယ်လို့ မဆိုလိုနိုင်သလို အစိုးရအနေနဲ့လည်း မည်မျှအရေးကြီးသည်ဖြစ်စေ လူနာကို ကုသဖို့ ကျန်းမာတဲ့သူရဲ့ ကျောက်ကပ်ကို အတင်းအကြပ်ထုတ်ယူခွင့် မရှိဘူးလို့ဆိုပါတယ်။ လိုအပ်ချက်ကို အကြောင်းပြပြီး လူတယောက်ရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းကို လွတ်လပ်စွာ စီမံခန့်ခွဲမှုပိုင်ခွင့်ကို မထိပါးနိုင်ဘူးလို့ လွတ်လပ်မှုအဓိကဝါဒီတွေက အကြောင်းပြပါတယ်။

တတိယကန့်ကွက်ချက်ကတော့ လူတစ်ဦးလုပ်ငန်းအောင်မြင်ပြီး ကြွယ်ဝချမ်းသာတာ သူတယောက်ထဲရဲ့ စွမ်းဆောင်မှုကြောင့် မဟုတ်ဘူး၊ ဒါကြောင့် ချမ်းသာတဲ့သူတွေအနေနဲ့ သူ့ရဲ့အောင်မြင်မှု အတွက် ပံ့ပိုးပေးတဲ့သူတွေကို ပြန်လည်ပေးဆပ်သင့်တယ်ဆိုတဲ့ အချက်ပါ။   ချမ်းသာတဲ့သူတွေရဲ့ အောင်မြင်မှုဟာ တခြားသူတွေပေါ်မှာလဲ မူတည်နေတယ်ဆိုတာကို လွတ်လပ်မှုအဓိကဝါဒီတွေက လက်ခံပါတယ်။ ဥပမာ ဒေးဗစ်ဘက်ဟမ် တစ်ယောက်ထဲ ဘောလုံးကန်နေတာကို ကြည့်ဖို့တော့ လူတွေက တနှစ်ကို  ဒေါ်လာ ၂၇ သန်းပေးကြမှာ မဟုတ်ပါဘူး။ တခြား ကစားဖက်တွေ၊ နည်းပြတွေ၊ အသင်းအုပ်ချုပ်သူတွေ၊ ဒိုင်လူကြီးတွေ၊ ရုပ်မြင်သံကြား ထုတ်လွင့်သူတွေ အစရှိတဲ့ သက်ဆိုင်သူတွေမပါဘဲ  ဒေးဗစ်ဘက်ဟမ်အနေနဲ့ ဒီလိုချမ်းသာကြွယ်ဝလာမှာ မဟုတ်ပါဘူး။ဒါပေမယ့်  လွတ်လပ်မှုအဓိကဝါဒီတွေက တုန့်ပြန်တာကတော့ ဒီလိုအထောက်အပံ့ပေးတဲ့ သက်ဆိုင်သူတွေအနေနဲ့လည်း သူတို့ရဲ့ ပံ့ပိုးပေးမှုတွေအတွက် ထိုက်သင့်တဲ့ ငွေကြေးရပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

စတုတ္ထကန့်ကွက်ချက်ကတော့ ချမ်းသာတဲ့သူတွေကို သူတို့ရဲ့ ဆန္ဒမပါဘဲ အစိုးရက အခွန်ကောက်တာ မဟုတ်ဘူး၊ ဒီမိုကရေစီစံနစ်အောက်က ပြည်သူတွေဖြစ်တဲ့ ချမ်းသာသူတွေအနေနဲ့ အခွန်အကောက်ဆိုင်ရာ ဥပဒေတွေကို ပြဌါန်းတဲ့နေရာမှာ သူတို့ရဲ့ ဆန္ဒသဘောထားတွေ ပါဝင်ပြီးဖြစ်တယ် ဆိုတဲ့အချက်ပါ။  လွတ်လပ်မှုအဓိကဝါဒီတွေက တုန့်ပြန်တာကတော့ ဒီမိုကရေစီအရ အများသဘောတူထားတဲ့ ဥပဒေတွေအရ အခွန်ကောက်ခံတယ်လို့ ဆိုရုံနဲ့ မပြည့်စုံဘူးလို့ ဆိုပါတယ်။ တကယ်လို့ ချမ်းသာသူအနည်းစုက ကန့်ကွက်တယ်ဆိုအုံးတော့ အများစုရဲ့ ဆန္ဒအရ  ဒီဥပဒေတွေ အတည်ဖြစ်လာမှာဘဲလို့ တုန့်ပြန်ပါတယ်။

အထက်ပါကန့်ကွက်ချက်တိုင်းကို လွတ်လပ်မှုအဓိကဝါဒီတွေက တုန့်ပြန်ချေပနိုင်ပေမယ့် နောက်ကန့်ကွက်ချက်ကတော့ အလွယ်တကူ တုန့်ပြန်ဖို့ ခဲယဉ်းပါတယ်။ အဲဒီကန့်ကွက်ချက်ကတော့ လူတဦးချမ်းသာကြွယ်ဝလာတာဟာ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုသာမက၊ ကံကောင်းလို့လဲဖြစ်တယ်။ ဘယ်လောက်ကြိုးစားကြိုးစား ကံမကောင်းရင် ချမ်းသာလာမှာမဟုတ်ဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဥပမာ ဒေးဗစ်ဘက်ဟမ် ဘယ်လောက်ကြိုးစားကြိုးစား ခုလို ဘောလုံးအားကစား တကမ္ဘာလုံးကို ပြန့်နှံ့ပြီး ဘောလုံးသမားတွေ ဝင်ငွေကောင်းတဲ့ အချိန်အခါမျိုးမှာ လူလာဖြစ်ရတာကတော့ သူ့ရဲ့စွမ်းဆောင်မှုလို့ မဆိုနိုင်ဘူး။ ဒါကြောင့် သူရရှိတဲ့ ဝင်ငွေအားလုံးကို သူပိုင်လို့ လိပ်ပြာသန့်သန့် မပြောနိုင်ဘူးလို့ဆိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူ့အဖွဲ့အစည်းအတွက် အခွန်ကောက်ခံခြင်းဟာ မတရားလုပ်တာ မဟုတ်ဘူးလို့ဆိုပါတယ်။  လွတ်လပ်မှုအဓိကဝါဒီတွေတုန့်ပြန်တာကတော့ ဒီလိုကန့်ကွက်ချက်ဟာ ဒေးဗစ်ဘက်ဟမ်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပါရမီကို သူပိုင်ဟုတ်မဟုတ် မေးခွန်းထုတ်တာဖြစ်ပြီး ဒီလိုယူဆခြင်းဟာ အန္တရာယ်ကြီးတယ်လို့ ဆိုပါတယ်။ တကယ်လို့ သူ့ရဲ့ ပါရမီ၊ ကြိုးပမ်းအားထုတ်မှုတွေရဲ့ အသီးအပွင့်တွေကို အပြည့်အဝ ခံစားပိုင်ခွင့်ဒေးဗစ်ဘက်ဟမ်မှာ မရှိဘူးဆိုရင်၊ ဒေးဗစ်ဘက်ဟမ်အနေနဲ့ သူ့ကိုယ်သူ  မပိုင်ဆိုင်ဘူးလို့ ဆိုရာရောက်ပါတယ်။ တကယ်လို့ ဒေးဗစ်ဘက်ဟမ်အနေနဲ့သူ့ကိုယ်သူ  မပိုင်ဆိုင်ဘူးဆိုရင်  ဘယ်သူပိုင်သလဲလို့ လွတ်လပ်မှုအဓိကဝါဒီတွေက မေးခွန်းထုတ်ပါတယ်။

လွတ်လပ်မှုအဓိကဝါဒီတွေရဲ့ အဓိကယုံကြည်ချက်ဖြစ်တယ့် လူတိုင်း မိမိကိုယ်မိမိပိုင်ဆိုင်ခွင့်ရှိတယ် ဆိုတယ်ဆိုတဲ့အချက်ဟာ လူတဦးချင်းစီရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်အခြေခံကို ရှာဖွေနေသူတွေအတွက် ကတော့ အလွန်အရေးကြီးတဲ့ အချက်ပါဘဲ။ လူတဦးချင်းဆီရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ ဘုရားသခင်ထံက ဆင်းသက်လာတာမဟုတ်သလို၊ နိုင်ငံတော်ကဖန်ဆင်းတာလဲမဟုတ်။ လူတိုင်း မိမိကိုယ်မိမိ ပိုင်ဆိုင်တယ်။ ဒါကြောင့် လွတ်လပ်တဲ့ဈေးကွက်ကတဆင့် မိမိရဲ့ ကျွမ်းကျင်မှု ကြိုးစားအားထုတ်မှုနဲ့ တရားမျှတစွာ သမာအာဇီဝကျကျ ရှာထားတဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ဘယ်သူကမှ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ မချိုးဖေါက်နိုင်ဘူးလို့ လွတ်လပ်မှုအဓိကဝါဒီတွေက ဆိုပါတယ်။

ဒါပေမယ့် အဆိုပါ လွတ်လပ်မှုအဓိကဝါဒ (libertarian) ဆိုတာ မြန်မာ့အလင်းသတင်းစာက ဘာသာပြန်သလို စိတ်ကြိုက်လွတ်လပ်စွာလုပ်နိုင်ခွင့်လို့တော့ မဆိုလိုနိုင်ပါဘူး။ ၂၀၁၃ ခုမေလ ၄  ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၇ မှာ ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်က စိတ်ကြိုက်လွတ်လပ်စွာ လုပ်နိုင်ခွင့်ပုံစံ (libertarian model) ဟာ မြန်မာနိုင်ငံလို ဒီမိုကရေစီသက်တမ်းအားဖြင့် နုနယ်သေးတဲ့  မခိုင်မာသေးတဲ့ နိုင်ငံအတွက် ကိုက်ညီမှုရှိမရှိ မသေချာသေးဘူးလို့ဆိုပါတယ်။ တကယ်တမ်းတော့ libertarian ဝါဒ ဆိုတာ  သူတပါးအကျိုးမထိခိုက်ရင်၊ သူတပါးရဲ့ လွတ်လပ်ခွင့်ကို မထိခိုက်ရင် လွတ်လပ်စွာ ပြောဆိုနေထိုင်ပြုမှုနိုင်တယ်၊ လွတ်လပ်စွာ ရွေးချယ်နိုင်တယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် စာရေးသူက libertarianism ကို လွတ်လပ်မှုအဓိကဝါဒလို့ ပြန်ဆိုခြင်းဖြစ်ပါတယ်။ အခြားသူတွေကို မထိခိုက်သရွေ့ မိမိပိုင်ဆိုင်တဲ့ မိမိရဲ့ ရုပ်ခန္ဓာကိုယ်၊ မိမိရဲ့ အသက်ရှင်သန်မှုနဲ့ မိမိရဲ့ဖြစ်တည်မှုကို မိမိစိတ်တိုင်းကျ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်မှုရှိပါတယ်။ ဒါကြောင့် မိမိရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကျင့်သုံးရာမှာ တခြားသူတွေရဲ့ လွတ်လပ်ပိုင်ခွင့်ကိုလည်း လေးစားရမယ်လို့ လွတ်လပ်မှုအဓိကဝါဒီတွေက ဆိုပါတယ်။

ဒီဆောင်းပါးအပါအဝင် ပြီးခဲ့တဲ့ဆောင်းပါး (၂)ပုဒ်မှာ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အခြေခံ သီအိုရီ (၃)ရပ်ကို တင်ပြခဲ့ပါတယ်။ ဒီသီအိုရီတွေကို အခြေခံထားတဲ့ ဆင့်ပွားသီအိုရီတွေလဲ အများကြီးရှိပါတယ်။ ဒီဆောင်းပါးတွေရဲ့အစမှာဆိုခဲ့တဲ့အတိုင်း ဒီသီအိုရီတွေကို တင်ပြဆွေးနွေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ တရားမျှတမှုရဲ့ အခြေခံအချက်တွေကို တွေးတောဆင်ခြင်ကြဖို့ဖြစ်ပါတယ်။ ကျွန်တော်လုပ်ကိုင်နေတဲ့ လယ်ကွက်ကို နိုင်ငံတော်စီမံကိန်းအတွက် သိမ်းယူခံလိုက်ရရင် လျော်ကြေးကို ဘယ်လိုသတ်မှတ်သင့်ပါသလဲ။ တကယ်တော့ လျော်ကြေး မသတ်မှတ်ခင် ဒီလယ်ကွက်ကို ပိုင်ဆိုင်ခွင့် ဘယ်သူ့မှာ ရှိတယ်ဆိုတာကို ဆုံးဖြတ်ရမှာပါ။ ဂျွန်လော့(ခ)ရဲ့ သီအိုရီအရ ဒီလယ်ကွက်ဟာ ဘုရားသခင်ရဲ့ဖန်ဆင်းမှုနဲ့ ကျွန်တော့ရဲ့ လုပ်အားပေါင်းစပ်ထားတဲ့အတွက် ကျွန်တော်ပိုင်ပါတယ်။ ဂျရမီဘင်သမ်(မ)ရဲ့ သီအိုရီအရတော့ပုဂ္ဂလိက ပိုင်ဆိုင်မှုကို နိုင်ငံတော်က ဖန်တီးတာဖြစ်တဲ့အတွက် နိုင်ငံတော်က ကျွန်တော်ရဲ့ပိုင်ဆိုင်မှုကို အသိအမှတ်မပြုရင် ကျွန်တော်မပိုင်ပါဘူး။  ပါမောက္ခ ရောဘတ်နိုဇစ်(က)တို့လို လွတ်လပ်မှုအဓိကဝါဒီ (libertarian)တွေ အဆိုအရကတော့ ဒီလယ်ကွက်ကို လွတ်လပ်တဲ့ဈေးကွက်ကတဆင့် တရားမျှတစွာ ရယူပိုင်ဆိုင်ထားတာဆိုရင် ကျွန်တော့်ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်ပါတယ်။  ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်ပြီးမှ ဈေးနှုံးကို သတ်မှတ်လို့ရမှာဖြစ်ပါတယ်။ နောက်ဆောင်းပါးတွေမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ဈေးကွက်မှာ ရောင်းဝယ်ဖေါက်ကားရာမှာ တရားမျှတမှုရှိဘို့ ဘယ်လိုဈေးနှုံးသတ်မှတ်သင့်တယ်ဆိုတဲ့ အချက်နဲ့ ပါတ်သက်တဲ့ သီအိုရီတွေကို တင်ပြပါမယ်။

Image credit:
Justice
http://commons.wikimedia.org/wiki/File%3AEdward_Onslow_Ford_-_Justice.jpg
By Edward Onslow Ford [Public domain], via Wikimedia Commons

ရည်ညွှန်းကိုးကား။

  • Adelstein, R. (2013) Property and Liability: An Introduction to Law and Economics, Online lecture at Coursea.
  • Sandel, M. J. (2010). Justice: What's the right thing to do?. New York: Farrar, Straus and Giroux.


Creative Commons License
ပုဂ္ဂလိကပိုင်ဆိုင်မှု၊ လွတ်လပ်ခွင့်၊ ဈေးကွက်စံနစ် နှင့် အစိုးရ၏ အခန်းကဏ္ဍ (Private Property, Liberty, Market Mechanism and the Role of Government) by  မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.

Saturday, 4 May 2013

ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှု၊ လူထုအကျိုးစီးပွားနှင့် အစိုးရ၏ အခန်းကဏ္ဍ (Private Property, Public Interest and the Role of Government)

ယခင်အပါတ်က ဆောင်းပါးမှာ တင်ပြခဲ့တဲ့ ဂျွန်လော့(ခ)ရဲ့ အဆိုအရ အစိုးရတရပ်ဟာ ဘယ်လို အကြောင်းနဲ့မှ လူတစ်ဦးချင်းရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို မချိုးဖေါက်ရဘူး၊ မချိုးဖေါက်နိုင်ဘူးလို့ဆိုပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျွန်လော့(ခ)ရဲ့သီအိုရီနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့  အများပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို အစိုးရကချိုးဖေါက်နိုင်တယ်၊ ချိုးဖေါက်သင့်တယ်လို့ဆိုတဲ့ အင်္ဂလိပ် တွေးခေါ်ပညာရှင်နောက်တဦးဖြစ်တဲ့ ဂျရမီဘင်သမ်(မ) (၁၇၄၈-၁၈၃၂)ရဲ့ သီအိုရီကို တင်ပြပါမယ်။ဂျွန်လော့(ခ)ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ ဘုရားသခင်က ဆင်းသက်လာတယ်ဆိုတဲ့ သီအိုရီနဲ့ လုံးလုံးဆန့်ကျင်တဲ့ သီအိုရီကတော့ ဂျရမီဘင်သမ်(မ) (Jeremy Bentham)ရဲ့ ပိုင်ဆိုင်မှုဟာ နိုင်ငံတော် (State) ထံမှ ဆင်းသက်လာတယ်ဆိုတဲ့ သီအိုရီပါ။  ဂျရမီဘင်သမ်(မ)က ဂျွန်လော့(ခ)ရဲ့ သဘာဝအရပိုင်ဆိုင်မှုနဲ့ လူမှုရေးသဘောတူညီချက် (Social Contract) ဆိုတဲ့ အယူအဆတွေဟာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ ရေးသားခဲ့ပါတယ်။ ဂျရမီဘင်သမ်(မ)ရဲ့ အမြင်အရတော့ ဘုရားသခင်က ဘယ်သူ့ကိုမှ သဘာဝအရ ပိုင်ဆိုင်ခွင့်တွေ မပေးခဲ့ပါဘူး။ ဒါ့အပြင် ခေတ်မှီတဲ့ အတွေးအခေါ်ရှိသူတွေအနေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ဘုရားသခင်က ဖန်ဆင်းတယ်ဆိုတာအယူအဆဟာ လက်ခံနိုင်စရာမရှိတဲ့အပြင် ဒီအယူပေါ်မှာ အခြေခံပြီး ကျိုးကြောင်းဆီလျော်မှုရှိတဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ဖို့ မလွယ်ကူဘူးလို့ ဂျရမီဘင်သမ်(မ)က ငြင်းချက်ထုတ်ခဲ့ပါတယ်။ ၁၇၉၁ ခုနှစ် ပြင်သစ်တော်လှန်ရေးကာလအတွင်းမှာ ထုတ်ဝေခဲ့တဲ့ ဂျရမီဘင်သမ်(မ)ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ နိုင်ငံတော်ဆိုင်ရာ သီအိုရီ (Theory of property and state)ဆိုတဲ့ စာအုပ်မှာ ဘုရားသခင်ရဲ့ အခန်းကဏ္ဍ မပါရှိပါဘူး။ ယေဘူယျအားဖြင့်ဆိုလျှင် သဘာဝတရားက ဒါမှမဟုတ် ဘုရားသခင်က လူတွေကို ရပိုင်ခွင့်တွေပေးခဲ့တယ်ဆိုတာကို ဂျရမီဘင်သမ်(မ)ရဲ့ သီအိုရီကလက်မခံပါဘူး။

Jeremy Bentham (1748-1832)
ဂျရမီဘင်သမ်(မ)ရဲ့ အဆိုအရ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ နိုင်ငံတော် (State) ထံက ဆင်းသက်လာတာ ဖြစ်ပါတယ်။ အချုပ်အချာပိုင်နိုင်ငံရဲ့ အသိအမှတ်ပြုမှု၊ ကာကွယ်ပေးမှု မပါဘဲနဲ့  မည်သူမျှ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့်၊ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အသုံးပြုပိုင်ခွင့်၊ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို တခြားသူတွေက ခွင့်ပြုချက်မရှိဘဲ အသုံးပြုတာကို ထိမ်းချုပ်ပိုင်ခွင့်တွေ ရှိမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒီသီအိုရီအရ မည့်သည့် ပိုင်ဆိုင်ခွင့်ကိုအသိအမှတ်ပြုမယ်၊ မည့်သည့် ပိုင်ဆိုင်ခွင့်ကို ငြင်းပယ်မယ်ဆိုတာ နိုင်ငံတော်ရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်တယ်လို့ဆိုပါတယ်။ 

အရင်ပေးခဲ့တဲ့ဥပမာအရဆိုရင်တော့ လယ်ကွက်ကို ကျွန်တော်ပိုင်ကြောင်းသက်သေခံ စာရွက်စာတမ်း အထောက်အထားတွေရဲ့ တရားဝင်မှုကို အသိအမှတ်ပြုတဲ့ ဥပဒေတွေကို နိုင်ငံတော်ကဘဲ ပြဌါန်းနိုင်တာဖြစ်ပြီး၊ ကျွန်တော်ပိုင်တဲ့ လယ်ကွက်ကို တခြားသူတွေ မတရားလုမယူနိုင်အောင် နိုင်ငံတော်ကဘဲ အကာအကွယ်ပေးနိုင်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ 

သူ့အဆိုအရ ပြည်သူတွေရဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုဆိုတာ နိုင်ငံတော်က သဘောတူ သတ်မှတ်ပြဌါန်းထားတဲ့ ရပိုင်ခွင့်တွေမျှသာ ဖြစ်ပါတယ်။ ဥပမာ ကျွန်တော်ပိုင်ဆိုင်တဲ့ လယ်ကွက်ကို အဖွဲ့အစည်းတခုက သူ့ရဲ့အကျိုးစီးပွားအတွက် အသုံးပြုဖို့ သိမ်းပိုက်သွားတယ်ဆိုပါစို့။ တကယ်လို့ နိုင်ငံတော်က အဆိုပါ ကျွန်တော်ပိုင်ဆိုင်တဲ့ လယ်ကွက်ကို တခြားလူက မတရားသိမ်းပိုက်သွားတယ် ဆိုတဲ့အချက်ကို လက်ခံပြီး သိမ်းယူသူကို သူကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် ဖမ်းဆီးအပြစ်ပေးအရေးယူမှု မလုပ်ခဲ့ရင် ကျွန်တော့်ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ ဘာမှတန်ဘိုး မရှိပါဘူး။ ကျွန်တော်က ကျွန်တော်ပိုင်ဆိုင်တဲ့လယ်ကွက်ကို သူတပါးက မတရား သိမ်းယူသွားတယ်လို့ ယုံကြည်ပေမယ့် နိုင်ငံတော်ရဲ့ ဥပဒေအရ လယ်ကွက်ကို ကျွန်တော်ပိုင်ဆိုင်ခွင့်မရှိဘဲ ယူသွားတဲ့သူမှာ အဲဒီလို ယူပိုင်ခွင့်ရှိတယ်လို့ ပြဆိုထားရင် နိုင်ငံတော်အနေနဲ့ လယ်ကွက်ကို သိမ်းယူသွားတဲ့သူကို အရေးယူမှုပြုမှာ မဟုတ်ပါဘူး။ အဲဒီအခြေအနေမျိုးမှာ ကျွန်တော်မှာ အဆိုပါ လယ်ကွက်ကို ပိုင်ဆိုင်ခွင့်ရှိခဲ့ တယ်လို့ ပြောဖို့တောင် ခက်ပါလိမ့်မယ်။ အထက်ပါ အခြေအနေမျိုးမှာ လူတစ်ဦးစီရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ နိုင်ငံတော်ရဲ့ အသိအမှတ်ပြုမှုပေါ်မှာ မူတည်တယ်ဆိုတဲ့ အချက်ပေါ်မူတည်ပြီး ပုဂ္ဂလိကပစ္စည်း ပိုင်ဆိုင်မှုကို နိုင်ငံတော်က ဖန်တီးတယ်လို့ ဂျရမီဘင်သမ်(မ)က ဆိုပါတယ်။ 

ဒါ့အပြင် ဂျရမီဘင်သမ်(မ)ကဆက်ပြောတာက ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို နိုင်ငံတော်က ရည်ရွယ်ချက်မဲ့ အလျဉ်းသင့်သလို ဖန်တီးခဲ့တာမဟုတ်သလို အုပ်စိုးသူ၊ ဥပဒေပြုသူတစုရဲ့ အလိုဆန္ဒပြည့်ဖို့ ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ တိကျတဲ့ရည်ရွယ်ချက်တခုနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို သတ်မှတ်တာလို့ ဆိုပါတယ်။ အဲဒီရည်ရွယ်ချက်ကတော့ ဂျရမီဘင်သမ်(မ)ရဲ့ကျော်ကြားတဲ့ အဆိုတရပ်ဖြစ်တဲ့ လူအများစုအတွက် အမြင့်ဆုံးကောင်းကျိုးချမ်းသာပျော်ရွင်မှုရရှိရေး (The greatest happiness for the greatest number) ဖြစ်ပါတယ်။ တကယ်တော့ ဂျရမီဘင်သမ်(မ)ဟာ utilitarianism လို့လူသိများတဲ့ အမြင့်ဆုံးကောင်းကျိုးချမ်းသာ အတွေးအခေါ်ကို အစပြုခဲ့သူဖြစ်ပါတယ်။ ဒီအတွေးအခေါ်အရဆိုရင် နိုင်ငံတော်အနေနဲ့ လူမှုရေး စီးပွားရေးဆိုင်ရာမူဝါဒတွေ၊ ဥပဒေတွေချမှတ်ရာမှာ လူသားအားလုံးရဲ့ ကောင်းကျိုးချမ်းသာကို အမြင့်ဆုံးရရှိဘို့ ဦးတည်ရမယ်လို့ဆိုပါတယ်။ ဒီလို မူဝါဒတွေချမှတ်ရာမှာ လူအနည်းစုအနေနဲ့တော့ နစ်နာမှုရှိကောင်း ရှိနိုင်ပါတယ်။ 

ဂျရမီဘင်သမ်(မ)ရဲ့ အဆိုအရ ချမ်းသာတဲ့လူတစ်ယောက်ဆီမှာရှိတဲ့ ငွေ တစ်ထောင်ကျပ်ကို ယူလိုက်ရင် ဒီငွေပမာဏဟာ ချမ်းသာသူတစ်ဦးရဲ့ ပျော်ရွင်ချမ်းမြေ့မှု အတွက် ဘာမှမပြောပလောက်ပါဘူး။ ဒီငွေတစ်ထောင်ကျပ်ကို အလွန်ဆင်းရဲတဲ့သူတယောက်ကို ပေးလိုက်ရင်တော့ ဒီငွေပမာဏဟာ ဆင်းရဲတဲ့သူရဲ့ပျော်ရွင်ချမ်းမြေ့မှုအတွက် အလွန်တာသွားအသုံးဝင်ပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ရယူသူခံစားရတဲ့ ပျော်ရွင်ချမ်းမြေ့မှုဟာ လှုဒါန်းပေးအပ်သူရဲ့ခံစားရတာထက် ပိုတဲ့အတွက် ချမ်းသာသူပိုင်တဲ့ ငွေတစ်ထောင်ကိုယူပြီး ဆင်းရဲတဲ့သူတစ်ယောက်ဆီကို လွှဲပြောင်းပေးလိုက်ခြင်းက အသားတင် လူမှုရေးပျော်ရွင်ချမ်းမြေ့မှုကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။  ဒါကြောင့် အစိုးရအနေနဲ့ ချမ်းသာတဲ့သူတွေဆီက ပိုင်ဆိုင်မှုအချို့ကိုယူပြီး (ဆိုလိုတာက အခွန်ကောက်ခံပြီး) သင့်တော်တဲ့လူတွေထံကို လွှဲပြောင်းပေးဖို့ တာဝန်ရှိတယ်လို့ ဂျရမီဘင်သမ်(မ)က ဆိုပါတယ်။

ဂျွန်လော့(ခ)ရဲ့ သီအိုရီလိုဘဲ ဂျရမီဘင်သမ်(မ)သီအိုရီမှာ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုနဲ့ နိုင်ငံတော်အကြားဆက်နွယ်မှု၊ အဲဒီကမှတဆင့် လူတစ်ဦးချင်းစီနဲ့ နိုင်ငံတော်အကြား ဆက်ဆံရေးတွေအပေါ်မှာ  အရေးကြီးတဲ့ အကျိုးသက်ရောက်မှု (၃)ချက် ရှိပါတယ်။ ပထမအချက်ကတော့ နိုင်ငံတော်က မဖန်တီးခင်မှာ ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာ မရှိပါဘူး။ ဆိုလိုတာကတော့ နိုင်ငံတော်က အသိအမှတ်မပြုရင် လူတစ်ဦးချင်းစီမှာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ဆိုတာမရှိပါ။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်တွေကို ဈေးကွက်မှာ အရောင်းအဝယ်လုပ် လွှဲပြောင်းခွင့် မရှိခင် အစကနဦးမှာ ပစ္စည်းတခုကို ဘယ်လိုလူတွေက ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာကို ဆုံးဖြတ်တဲ့ အဆုံးစွန်သော အာဏာဟာ နိုင်ငံတော်ရဲ့ လက်ထဲမှာသာရှိပါတယ်။ 

ဒုတိယအချက်ကတော့ နိုင်ငံတော်က ပုဂ္ဂလိကပိုင်ဆိုင်ခွင့်တွေကို ခွဲဝေချထားရတဲ့အတွက် ဒီလိုခွဲဝေရာမှာ နိုင်ငံတော်အနေနဲ့ ဦးတည်ချက်တရပ်ရှိရမယ်လို့ ဆိုပါတယ်။ ဂျရမီဘင်သမ်(မ)အတွက်ကတော့ အဆိုပါ ဦးတည်ချက်ဟာ လူအများစုအတွက် အမြင့်ဆုံးကောင်းကျိုးချမ်းသာပျော်ရွင်မှုရရှိရေးဖြစ်ပါတယ်။ ဒီလို အများပြည်သူကောင်းကျိုးအတွက်ဆိုတဲ့ ဦးတည်ချက်ဟာ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကအကျိုးစီးပွားတွေဖြစ်တဲ့  ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကိုတောင် လွှမ်းမိုးတယ်လို့ ဆိုပါတယ်။ ဂျရမီဘင်သမ်(မ)ရဲ့ သီအိုရီအရ နိုင်ငံတော်ဆိုတာ အများပြည်သူရဲ့သက်သာဖူလုံရေး (public welfare)ကို ဖြည့်ဆည်းပေးဖို့၊ လူမှုရေးကျေနပ်ပျော်ရွင်မှု (Social Happiness) တွေကို အမြင့်ဆုံးရအောင်စွမ်းဆောင်ပေးဖို့  ကိရိယာတန်ဆာပလာ တခုပါဘဲ။ 

တတိယအချက်ကတော့ ဒီလိုဦးတည်ချက်တွေ ပြည့်မြောက်ဖို့ဆိုရင် နိုင်ငံတော်အနေနဲ့ လူတစ်ဦးတယောက်ရဲ့ လွတ်လပ်မှု၊ ပိုင်ဆိုင်မှုတွေကို ရယူနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားဟာ လူတစ်ဦးချင်းစီရဲ့ အကျိုးစီးပွားထက် သာလွန်ပါတယ်။ ဒီလို လူမှုရေးကျေနပ်ပျော်ရွင်မှုတွေကို အမြင့်ဆုံးရအောင် စွမ်းဆောင်ပေးဖို့အတွက် နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်တွေကို ပြဌါန်းပိုင်ခွင့်ကို ကိုင်စွဲပြီး လူတစ်စုရဲ့ ဓနစီးပွားကို အခြားလူတစ်စုထံ လွှဲပြောင်းပေးနိုင်တယ်လို့ ဂျရမီဘင်သမ်(မ)က ဆိုပါတယ်။ 

အရင်အပါတ်က တင်ပြခဲ့တဲ့ ဂျွန်လော့(ခ)ရဲ့ အစိုးရတရပ်ဟာ ဘယ်လို အကြောင်းနဲ့မှ လူတစ်ဦးချင်းရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို မချိုးဖေါက်ရဘူး၊ မချိုးဖေါက်နိုင်ဘူးဆိုတဲ့ သီအိုရီနဲ့ ခုတင်ပြခဲ့တဲ့ တကယ်လို့ အများပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို အစိုးရကချိုးဖေါက်နိုင်တယ်ဆိုတဲ့ ဂျရမီဘင်သမ်(မ)ရဲ့ သီအိုရီတွေဟာ ကျွန်တော်တို့နိုင်ငံမှာ အခုကြုံတွေ့နေရတဲ့ လက်ပန်းတောင်ပြဿနာက အစ အခြား ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့နေရာမှာ အရေးပါတဲ့ သီအိုရီတွေဖြစ်ပါတယ်။ အုပ်ချုပ်ခံ လူတန်းစားတွေ အတွက်ကတော့ ဂျွန်လော့(ခ)ရဲ့သီအိုရီကို သဘောတူကြမှာပါ။ ဒါပေမယ့် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလိုက အစိုးရတွေကတော့ လူမှုရေး၊ စီးပွားရေးဆိုင်ရာမူဝါဒတွေချမှတ်ရာမှာ ဂျရမီဘင်သမ်(မ)ရဲ့ ဦးတည်ချက်ဖြစ်တဲ့ လူအများစုအတွက် အမြင့်ဆုံးကောင်းကျိုးချမ်းသာပျော်ရွင်မှု ရရှိရေးဆိုတဲ့ ဦးတည်ချက်ကို အခြေခံကြတာကို တွေ့ရပါတယ်။ 

ဒီမိုကရေစီရဲ့ဖခင်နိုင်ငံကြီးလို့ ဆိုကြတဲ့ အမေရိကန်နိုင်ငံမှာ ပုဂ္ဂလိကမြေယာပိုင်ဆိုင်မှုဆိုတာ မြေအောက် ကမ္ဘာမြေကြီးရဲ့ ဗဟိုချက်နဲ့ မြေပေါ် စကြာဝဠာအဆုံးထိ ပိုင်ဆိုင်မှုလို့ တချိန်က အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဘူးပါတယ်။ အဲဒီလို ပိုင်ဆိုင်ခွင့်ရှိတဲ့အတွက် ကြက်ခြံပိုင်ရှင်တစ်ဦးက အနီးရှိ စစ်လေယာဉ်ကွင်းမှာ အတက်အဆင်းလုပ်ဖို့ သူရဲ့ကြက်ခြံအပေါ်မှာ စစ်လေယာဉ်တွေ ဖြတ်ပျံလို့ ကြက်တွေလန့်ပြီး ကောင်းကောင်းမဥနိုင်တဲ့အတွက် ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်အစိုးရကို လျော်ကြေးရလိုမှုနဲ့ တရားစွဲခဲ့ဘူးပါတယ် [United States v. Causby 328 U.S. 256 (1946)]။ တရားရုံးက ဒီအမှုမှာ ကြက်ခြံပိုင်ရှင်ကို အနိုင်ပေးခဲ့ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က ဒီလိုလျော်ကြေးပေးတာ ကြက်တွေကောင်းကောင်းမဥလို့ နစ်နာကြေးအနေနဲ့ ပေးတာမဟုတ်ပါဘူး။ တရားရုံးရဲ့ အဆုံးအဖြတ်အရ  ကြက်ခြံပိုင်ရှင်ရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်တဲ့ သူ့ရဲ့ ကြက်ခြံအထက်က ဝေဟင်ပိုင်နက်ကို အမေရိကန်အစိုးရက ကျုးကျော်ခဲ့တဲ့အတွက်  လျော်ကြေးပေးခြင်းဖြစ်တယ် လို့ဆိုပါတယ်။

ဒီတရားရုံး ဆုံးဖြတ်ချက်ကတဆင့် မေးခွန်းထုတ်စရာရှိတာက ကြက်ခြံပိုင်ရှင်ရဲ့ ပုဂ္ဂလိကအကျိုးစီးပွားနဲ့ ဒုတိယကမ္ဘာစစ်ကြီး အောင်နိုင်ရေးဆိုတဲ့ အများအကျိုးစီးပွား ဘယ်အရာက ပိုအရေးကြီးသလဲဆိုတာပါဘဲ။ ဂျွန်လော့(ခ)ရဲ့ အစိုးရတရပ်ဟာ ဘယ်လို အကြောင်းနဲ့မှ လူတစ်ဦးချင်းရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို မချိုးဖေါက်ရဘူးဆိုတဲ့ သီအိုရီကို သဘောတူလက်ခံတဲ့သူတွေတောင်၊ အများအကျိုးဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကြီး အောင်နိုင်ရေးအတွက် ကြက်ခြံပိုင်ရှင်ရဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့်ကို ချိုးဖေါက်သင့်တယ်၊ ကြက်ခြံပိုင်ရှင်ရဲ့ နစ်နာမှုဟာ ရရှိလာမယ့် လူအများစုရဲ့ အကျိုးစီးပွားနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ဘူးလို့ ဆိုကြမှာပါ။ ဒါဟာ အများပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို အစိုးရကချိုးဖေါက်နိုင်တယ်ဆိုတဲ့ ဂျရမီဘင်သမ်(မ)ရဲ့အဆိုကို သဘောတူခြင်းပါဘဲ။

ဒီလို လူအများစုရဲ့ အကျိုးစီးပွားကို ထိရောက်စွာ ဖေါ်ဆောင်နိုင်ဖို့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့်ကို နိုင်ငံတော်က ဥပဒေတွေပြဌါန်းပြီး အသိအမှတ်ပြုပေးရမယ်လို့ဂျရမီဘင်သမ်(မ)ရဲ့နောက်လိုက်တွေက ဆိုပါတယ်။ ပါလီမန်ဒီမိုကရေစီရဲ့မိခင်နိုင်ငံလို့ အသိအမှတ်ပြုကြတဲ့ အင်္ဂလန်လိုနိုင်ငံမျိုးမှာတောင် မရွှေ့ပြောင်းနိုင်တဲ့ မြေယာ၊ မြစ်၊ချောင်းအင်းအိုင် အားလုံးကို နိုင်ငံတော်ကပိုင်ဆိုင်ပါတယ်။ နိုင်ငံတော်ကမှ ဥပဒေပြဌါန်းပြီး ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုကို အသိအမှတ်ပြုထားခြင်းဖြစ်ပါတယ််။ ဒါပေမယ့် အင်္ဂလိပ်ဥပဒေအရ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုဆိုတာ အလုံးစုံပိုင်ဆိုင်မှု မဟုတ်ပါဘူး။ ပစ္စည်းကို အသုံးပြုပိုင်ခွင့် သတ်မှတ်ပေးခြင်းသာ ဖြစ်ပါတယ်။ ဥပမာ မြေကွက်တကွက်ပေါ်မှာ အိမ်ဆောက်ပြီးနေပိုင်ခွင့်ရှိပေမယ့် ဒီမြေကွက်ရဲ့အောက်မှာရှိတဲ့ သယံဇာတပစ္စည်းတွေကိုတော့ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ တကယ်လို့ မရွှေ့ပြောင်းနိုင်တဲ့ မြေယာပစ္စည်းပိုင်ဆိုင်သူ ကွယ်လွန်သွားတဲ့အချိန်မှာ အမွေဆက်ခံသူ မကျန်ခဲ့ရင် အဆိုပါပစ္စည်းကို အသုံးပြုပိုင်ခွင့်ဟာ နိုင်ငံပိုင်ပြန်ဖြစ်သွားပါတယ်။  

ဒါပေမယ့် ဂျရမီဘင်သမ်(မ)ရဲ့သီအိုရီရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လူအများစုအတွက် အမြင့်ဆုံး ကောင်းကျိုးချမ်းသာပျော်ရွင်မှုရရှိရေးကို ဦးတည် ဆောင်ရွက်ရမယ်၊ ဒီလိုလုပ်ဆောင်ခြင်းဟာ တရားမျှတတယ် ဆိုတဲ့အယူအဆကို အတိုင်းအဆမဲ့ ကျင့်သုံးရင်တော့ ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ရောမခေတ်တုံးက စစ်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ ခရစ်ယာန်တွေကို ခြင်္သေ့တွေရှိတဲ့ သားရဲတွင်းထဲ ပစ်ချပြီး ရောမဘုရင်နဲ့ ရိုမန်တွေ အပန်းဖြေကြပါတယ်။ ဂျရမီဘင်သမ်(မ)ရဲ့သီအိုရီအရ ဒီသတ်ပွဲကို ကြည့်ရှုကြတဲ့ ပရိတ်သတ်ထောင်သောင်းရဲ့ ပျော်ရွင်မှုနဲ့ နှိုင်းယှဉ်ရင် ခရစ်ယာန် တစ်ယောက်ရဲ့ ပုဂ္ဂလိကနာကျင်ခံစားရမှုဟာ မပြောပလောက်တဲ့အတွက် ဒီအပြုအမူဟာ တရားမျှတပါတယ်လို့ ဆိုနိုင်စရာရှိပါတယ်။ 

မျက်မှောက်ခေတ်မှာလဲ ဂျရမီဘင်သမ်(မ)ရဲ့ အမြင့်ဆုံးကောင်းကျိုးချမ်းသာ အတွေးအခေါ်ကို တဖက်စွန်းရောက်အောင် ကျင့်သုံးလို့ ပြဿနာဖြစ်ရတာတွေရှိပါတယ်။ အကောင်းဆုံးဥပမာတခုကတော့ မာလ်ဘိုရိုနဲ့ တခြားနာမည်ကြီးဆေးလိပ်တွေထုတ်တဲ့ ဖိလစ်မောရစ်ကုမ္ပဏီက ချက်ရီပတ်ဘလစ် (Czech Republic)နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆေးလိပ်သောက်ခြင်းက နိုင်ငံတနိုင်ငံရဲ့ရသုံးငွေဘတ်ဂျက်ပေါ်မှာ ဘယ်လို အကျိုးနဲ့အပြစ်တွေသက်ရောက်စေတယ်ဆိုတာကို ဆန်းစစ်ထားတဲ့ လေ့လာချက်ပါဘဲ။ အဲဒီလေ့လာချက်အရ ဆေးလိပ်သောက်ခြင်းက အစိုးရအတွက် ငွေကြေးအကျိုးအမြတ် ရရှိစေတယ်လို့ဆိုပါတယ်။ ဆေးလိပ်သောက်သူတွေဟာ သူတို့အသက်ရှင်နေစဉ်မှာ နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစံနစ်အတွက် ဝန်ထုပ်ဝန်ပိုးတခုဖြစ်သော်လည်း ဆေးလိပ်မသောက်သူတွေနဲ့စာရင် အသက်တိုတဲ့အတွက် အစိုးရအနေနဲ့ အသက်အရွယ်ကြီးသူတွေကို ထောက်ပံ့ပေးရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပင်စင်၊ နေထိုင်စရာ စတာတွေ ဖြည့်ဆည်းပေးဖို့ အကုန်ခံစရာမလိုဘဲ  အများကြီးသက်သာတယ်လို့ အဆိုပါလေ့လာချက်ကဆိုပါတယ်။ အဲဒီလို ဆေးလိပ်သောက်သူတွေ အရွယ်မတိုင်ခင်သေဆုံးလို့ သက်သာတဲ့ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အသုံးစားရိတ်တွေနဲ့ ဆေးလိပ်ကရတဲ့ အခွန်အကောက်တွေ ပေါင်းလိုက်ရင် တနှစ်ကို တိုင်းပြည်ရဲ့ဘဏ္ဍာ ဒေါ်လာ ၁၄၇ သန်းလောက်တိုးလာမယ်လို့ ဆိုပါတယ်။ တိတိကျကျပြောရရင် ဆေးလိပ်သောက်သူ တယောက် အရွယ်မတိုင်ခင်သေဆုံးရင် တိုင်းပြည်ဝင်ငွေကို ၁၂၂၇ ဒေါ်လာ တိုးစေတယ်လို့ ဆိုပါတယ်။ ဒီအစီအရင်ခံစာလဲ ထွက်လာရော သတင်းစာတွေ၊ ဆေးလိပ်၊ ဆေးရွက်ကြီးဆန့်ကျင်သူတွေက ဖိလစ်မောရစ်ကို ဝိုင်းပြီး ရှုံ့ချကြပါတယ်။

တကယ်တော့ ဒီအစီအရင်ခံစာက ဂျရမီဘင်သမ်(မ)ရဲ့သီအိုရီရဲ့ အဓိက အားနည်းချက်ကို မီးမောင်းထိုးပြလိုက်တာပါဘဲ။ အဲဒီအားနည်းချက်ကတော့ လူတစ်ဦးရဲ့ နာကျင်ခံစားမှုနဲ့ အခြားလူတစ်ဦးရဲ့ပျော်ရွင်မှုတွေဟာ အရည်အသွေးတန်ဘိုးအားဖြင့် ဘာမှ ခြားနားမှု မရှိဘူးဆိုတဲ့ ယူဆချက်ပါဘဲ။ ရှိတ်(စ)ပီးယား၊ ဦးပုည၊ ဇော်ဂျီ၊ မင်းသုဝဏ် စတဲ့စာဆိုပညာရှင်တွေရေးတဲ့ ကဗျာ၊ပြဇာတ်တွေကို ဖတ်ရှုခံစားရာက ရရှိတဲ့ စိတ်ကျေနပ်မှုနဲ့ ကာတွန်းမောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်၊ တင်အောင်နီရဲ့ ပြာလောင် အစရှိတဲ့ ကာတွန်းတွေကို ဖတ်ရာကရတဲ့ ကျေနပ်မှုတွေဟာ ဂျရမီဘင်သမ်(မ)ရဲ့အဆိုအရ အတူတူပါဘဲ။ ဒီအားနည်းချက်ကို ကျော်လွှားနိုင်ဘို့ ဂျရမီဘင်သမ်(မ)ရဲ့ နာမည်ကျော်နောက်လိုက်တဦးဖြစ်တဲ့ ဂျွန်စတူးဝပ်မေးလ်က သူရေးသားခဲ့တဲ့ Essay on Utilitiarianism ဆိုတဲ့စာစုမှာ ပျော်ရွင်မှု၊ နာကျင်ခံစားရမှုတွေကို အရည်အသွေး ခွဲခြားသတ်မှတ်ရမယ်လို့ဆိုခဲ့ပါတယ်။ စာရှည်သွားမှာစိုးလို့ ဂျွန်စတူးဝပ်မေးလ်ရဲ့ အဆိုတွေကို အသေးစိတ် မတင်ပြတော့ပါဘူး။  ဂျရမီဘင်သမ်(မ)ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အပြုအမူတခုကို ဝေမျှရင်း ဒီဆောင်းပါးကို နိဂုံးချုပ်ပါရစေ။ 

Jeremy Bentham Auto-Icon
၁၈၃၂ ခုနှစ် အသက် ၈၄ နှစ်အရွယ်မှာ ဂျရမီဘင်သမ်(မ) ကွယ်လွန်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်လို့ စာဖတ်သူ လန်ဒန်ကို ရောက်ခဲ့ရင် ဂျရမီဘင်သမ်(မ)ဆီ အလည်အပါတ်သွားနိုင်ပါသေးတယ်။ ဂျရမီဘင်သမ်(မ)က သူမသေခင်မှာ အချိန်ပိုင်းလေးမှာ လူအများစုအတွက် အမြင့်ဆုံး ကောင်းကျိုးချမ်းသာပျော်ရွင်မှုရရှိရေးဆိုတဲ့ သူယုံကြည်တဲ့မူအရ ကွယ်လွန်သွားတဲ့လူတယောက်က ရှင်ကျန်ရစ်တဲ့သူတွေအကျိုးအတွက် ဘာတွေလုပ်ပေးနိုင်မလဲလို့ သူ့ကိုယ်သူ မေးခွန်းထုတ်ခဲ့တယ်။ သူကောက်ချက်ချတာကတော့ လူတဦးအနေနဲ့ သူ့ရဲ့ ကျွင်းကျန်ရစ်တဲ့ ခန္ဓာကိုယ်ကို ခန္ဓာဗေဒပညာလေ့လာရာမှာ အသုံးပြုဖို့ လှုဒါန်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့လို အကျော်အမော်တွေးခေါ်ပညာရှင်တဦးအနေနဲ့တော့ နောင်လာနောက်သား တွေးခေါ်ပညာရှင် မျိုးဆက်တွေ အားကျဂုဏ်ယူနိုင်စေဖို့အတွက် သူ့ရဲ့ ရုပ်ခန္ဓာကို ချန်ထားရစ်ခဲ့တာက ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ဂျရမီဘင်သမ်(မ)က ဆိုခဲ့ပြီး သူ့ရဲ့သေတမ်းစာမှာ သူသေသွားတဲ့အခါ ကျွင်းကျန်ရစ်တဲ့ ခန္ဓာကိုယ်ကို ဆေးစိမ်ရုပ်လုံးသွင်းထားဖို့မှာကြားခဲ့ပါတယ်။ အဲဒီလိုမှာကြားချက်အရ ဂျရမီဘင်သမ်(မ)ရဲ့ ဆေးစိမ်ရုပ်လုံးသွင်းထားတဲ့ ခန္ဓာကိုယ် (Auto-Icon) ကို လန်ဒန်တက္ကသိုလ်ကောလိပ် (University College London) မှာ ယနေ့တိုင် မှန်လုံအိမ်ထဲမှာထဲ့ပြီး ပြသထားပါတယ်။ ၁၉၇၅ ခုနှစ်မှာ ကျောင်းသားတစုက ဂျရမီဘင်သမ်(မ)ရဲ့ ဆေးစိမ်ခန္ဓာကိုယ်က ဦးခေါင်းကိုခိုးယူပြီး ပြန်လည်ရွေးယူဖို့အတွက် ကုသိုလ်ဖြစ်အဖွဲ့အစည်းတခုကို စတာလင်ပေါင်ငွေ ၁၀၀ လှုဒါန်းဖို့  လန်ဒန်တက္ကသိုလ်ကောလိပ်အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။ တက္ကသိုလ်က နောက်ဆုံးမှာ ၁၀ ပေါင်ပေးပြီး ရွေးယူခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးပြီးတဲ့နောက်မှာတောင်  ဂျရမီဘင်သမ်(မ)အနေနဲ့ သူ့ရဲ့ လူအများစုအတွက် အမြင့်ဆုံး ကောင်းကျိုးချမ်းသာပျော်ရွင်မှုရရှိရေး ဆိုတဲ့မူကို စွဲကိုင်လျက်ရှိကြောင်းတင်ပြလိုက်ရပါတယ်။ 

နောက်ဆောင်းပါးမှာတော့  အမေရိကန် နိုင်ငံရေးဒဿန ပညာရှင် လွတ်လပ်မှုအဓိကဝါဒီ (libertarian) ပါမောက္ခ ရောဘတ်နိုဇစ်(က)(Robert Nozick; 1938-2002)ရဲ့  ပုဂ္ဂလိကပိုင်ဆိုင်မှုကို ခွဲဝေတဲ့နေရာမှာ နိုင်ငံတော်နဲ့ ဈေးကွက်ရဲ့ အခန်းကဏ္ဍနဲ့ပါတ်သက်တဲ့ အမြင်ကို တင်ပြလိုပါတယ်။ (စကားစပ်မိလို့ ပြောရရင် libertarian ကို မြန်မာ့အလင်းသတင်းစာက စိတ်ကြိုက်လွတ်လပ်စွာလုပ်နိုင်ခွင့်လို့ ဘာသာပြန်ဆိုပါတယ်။ ဒီနေ့ (၂၀၁၃ ခုမေလ ၄ ရက်နေ့) မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၇ မှာ ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်က စိတ်ကြိုက်လွတ်လပ်စွာလုပ်နိုင်ခွင့်ပုံစံ (libertarian model) ဟာ မြန်မာနိုင်ငံလို ဒီမိုကရေစီသက်တမ်းအားဖြင့် နုနယ်သေးတဲ့  မခိုင်မာသေးတဲ့ နိုင်ငံအတွက် ကိုက်ညီမှုရှိမရှိ မသေချာသေးဘူးလို့ဆိုပါတယ်။ တကယ်တမ်းတော့ libertarian ဝါဒကို စိတ်ကြိုက်လွတ်လပ်စွာလုပ်နိုင်ခွင့်လို့ မဆိုနိုင်ပါဘူး။ သူတပါးအကျိုးမထိခိုက်ရင်၊ သူတပါးရဲ့ လွတ်လပ်ခွင့်ကို မထိခိုက်ရင် လွတ်လပ်စွာ ပြောဆိုနေထိုင်ပြုမှုနိုင်တယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် စာရေးသူက libertarianism ကို လွတ်လပ်မှုအဓိကဝါဒလို့ ပြန်ဆိုခြင်းဖြစ်ပါတယ်။ ဒီဝါဒအရ မိမိရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကျင့်သုံးရာမှာ တခြားသူတွေရဲ့ လွတ်လပ်ပိုင်ခွင့်ကိုလည်း လေးစားရပါမယ်။)

Image Credit:

Jeremy Bentham: 
http://commons.wikimedia.org/wiki/File%3AJeremy_Bentham_by_Henry_William_Pickersgill_detail.jpg Henry William Pickersgill [Public domain or Public domain], via Wikimedia Commons

Jeremy Bentham "Auto-Icon":
http://commons.wikimedia.org/wiki/File%3AJeremy_Bentham_Auto-Icon.jpg
MykReeve at the English language Wikipedia [GFDL (http://www.gnu.org/copyleft/fdl.html) or CC-BY-SA-3.0 (http://creativecommons.org/licenses/by-sa/3.0/)], via Wikimedia Commons

ရည်ညွှန်းကိုးကား။



Creative Commons License
ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှု၊ လူထုအကျိုးစီးပွားနှင့် အစိုးရ၏ အခန်းကဏ္ဍ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.