ဒီစာတမ်းတွေ ပြုစုခဲ့တဲ့ အချိန်တုံးက ကမ္ဘာ့ဘဏ်က စစ်တမ်းကောက်ယူပြီးခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ မပါခဲ့တဲ့ အတွက်၊ ကျွန်တော်တို့ နိုင်ငံက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေကို သုတေသနပြုခွင့် မရခဲ့ပါဘူး။ ဒါကြောင့် ဒီနှစ် အစောပိုင်းက မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေကို ကမ္ဘာ့ဘဏ်က ဦးဆောင်ပြီး စစ်တမ်းကောက်မယ်လို့ သိရကတဲက ဒီစစ်တမ်းက အချက်အလက်တွေကို စောင့်နေမိပါတယ်။ အခု ဇွန်လ နောက်ဆုံးပါတ်မှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေနဲ့ ပါတ်သက်တဲ့ စစ်တမ်းက စာရင်းအင်း အချက်အလက်တွေကို ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီစာရင်းအချက်အလက် ထုတ်ပြန်ချက်တွေမှာ လုပ်ငန်း အရွယ်အစားနဲ့ သဘောသဘာဝ အပေါ်မူတည်ပြီး ကမ္ဘာ့ဘဏ်က စစ်တမ်း (၃)မျိုး ခွဲခြားထားတာတွေ့ရပါတယ်။ ပထမ စစ်တမ်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမား ၅ ဦးနဲ့အထက် စီးပွားရေးလုပ်ငန်း ၆၃၂ ခုကို နမူနာအဖြစ်ရွေးချယ်ပြီး အချက်အလက်တွေ ကောက်ယူထားတာတွေ့ရပါတယ်။ ဒုတိယစစ်တမ်းမှာတော့ အလုပ်သမား ၅ ဦးအောက် အိမ်တွင်းမှုလုပ်ငန်း ၄၆၀ ကို နမူနာအနေနဲ့ စစ်တမ်းကောက်ယူထားပြီး တတိယစစ်တမ်းမှာ တရားဝင်မှတ်ပုံတင်မထားတဲ့ (Informal) စီးပွားရေးလုပ်ငန်း ၄၀၀ ပါဝင်တာတွေ့ရပါတယ်။ ကမ္ဘာ့ဘဏ်က တခြားနိုင်ငံတွေမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအတိုင်း မြန်မာနိုင်ငံမှာ ကောက်ယူထားတဲ့ စစ်တမ်းတွေမှာလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို ထောင့်စုံအောင် (မေးခွန်းပေါင်း ၃၀၀ ခန့်) မေးမြန်းထားတဲ့အတွက် မြန်မာနိုင်ငံက လုပ်ငန်းတွေအခြေအနေကို သုံးသပ်ရာမှာသာမက၊ တခြားနိုင်ငံက စီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေနဲ့ နှိုင်းယှဥ်ရာမှာလည်း ဒီအချက်အလက်တွေက အများကြီး အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ စစ်တမ်းတွေထဲက အရေးကြီးတဲ့ အချက်အချို့ကို တင်ပြထားပြီး၊ ကျွန်တော်ရဲ့သုံးသပ်ချက်တွေကိုလည်း နောက်ဆောင်းပါးတွေမှာ ဆက်လက် ဖေါ်ပြသွားပါမယ်။
ပထမ စစ်တမ်းမှာပါဝင်တဲ့ အလုပ်သမား ၅ ဦးနဲ့အထက် စီးပွားရေးလုပ်ငန်း ၆၃၂ ခုကတော့ အောက်ဖေါ်ပြပါအတိုင်းဖြစ်ပါတယ်။
ဇစ်မြစ်။ www.enterprisessurveys.org
အထက်ပါစီးပွားရေးလုပ်ငန်း ၆၃၂ ခုရဲ့ ပျမ်းမျှသက်တမ်းက ၁၂.၅ နှစ်ဖြစ်ပြီး အာရှ-ပစိဖိတ် (ပျမ်းမျှ ၁၄ နှစ်) အခြားနိုင်ငံများ (ပျမ်းမျှ ၁၅.၈ နှစ်)နဲ့ နှိုင်းယှဥ်ရင် သက်တမ်းနုနယ်သေးတာတွေ့ရပါတယ်။ လုပ်ငန်းစုစုပေါင်းရဲ့ ၉၉.၃ ရာခိုင်နှုံးဟာ ပြည်တွင်းလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်ပြီး အာရှ-ပစိဖိတ် နဲ့ အခြားနိုင်ငံတွေမှာတော့ ၈၈ ရာခိုင်နှုံးခန့်ရှိတာတွေ့ရပါတယ်။ ဒါအပြင် လုပ်ငန်းစုစုပေါင်းရဲ့ ၅ ရာခိုင်နှုံးခန့် သာ သူတို့ထုတ်လုပ်မှုအချို့ကို နိုင်ငံခြား တိုက်ရိုက် (သို့မဟုတ်)တဆင့်ခံပြီး တင်ပို့နေတာတွေ့ရပါတယ်။ အာရှ-ပစိဖိတ်ကနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေမှာတော့ လုပ်ငန်းစုစုပေါင်းရဲ့ ၁၃.၆ ရာခိုင်နှုံးနဲ့ ၁၆.၃ ရာခိုင်နှုံးဟာ အသီးသီးရှိပါတယ်။ ဒီအချက် ၃ ချက်ကိုအခြေခံပြီး သုံးသပ်ရင်ဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေဟာ တခြားနိုင်ငံက လုပ်ငန်းတွေနဲ့စာရင် အတွေ့အကြုံနုနယ်သေးတာ၊ ပြည်ပက ရင်းနှီးမြုပ်နှံသူတွေရဲ့ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံ၊ နည်းပညာ၊ အဆက်အသွယ်တွေကို အသုံးချပြီး ပြည်တွင်း လုပ်ငန်းတွေရဲ ယှဥ်ပြိုင်နိုင်စွမ်း တိုးတက်လာအောင် ဆောင်ရွက်ဖို့ အခွင့်အလမ်း မရှိသေးတာ တွေ့ရပါတယ်။
အောက်ဖေါ်ပြပါဇယားမှာမြန်မာနိုင်ငံက စီးပွားရေးပါတ်ဝန်းကျင်မှာ တွေ့ကြုံရတဲ့ အကျင့်ပျက်ချစားမှု အတိုင်းအတာ ပါတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို နှိုင်းယှဥ်တင်ပြထားပါတယ်။
မြန်မာ
|
အရှေ့အာရှ-ပစိဖိတ်
|
နိုင်ငံအားလုံး
| |
လာဘ်ငွေတောင်းခံမှု အနည်းဆုံး (၁)ကြိမ် တွေ့ကြုံရသည့် လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
|
၄၂.၉ %
|
၂၄.၂%
|
၁၇.၃ %
|
အခွန်အရာရှိနဲ့တွေ့ဆုံရာမှာ လက်ဆောင်ပေးရမယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
|
၃၇.၁ %
|
၁၄.၉ %
|
၁၂.၂ %
|
လုပ်ငန်းလိုင်စင်ရရန် လက်ဆောင်ပေးရမယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
|
၃၈.၉ %
|
၁၃.၇ %
|
၁၃.၆ %
|
သွင်းကုန်လိုင်စင်ရရှိရန် လက်ဆောင်ပေးရမယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
|
၅၃.၅ %
|
၁၈.၂ %
|
၁၂.၇ %
|
အဆောက်အဦးဆောက်လုပ်ခွင့်ရရန် အတွက် လက်ဆောင် ပေးရမယ်လို့ မျှော်လင့်တဲ့လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
|
၄၆.၅ %
|
၂၈.၇ %
|
၂၂.၄ %
|
လျှပ်စစ်ဓါတ်အားသွယ်တန်းရရှိရန်အတွက် လက်ဆောင် ပေးရမယ်လို့မျှော်လင့်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
|
၅၅.၈ %
|
၂၄.၁ %
|
၁၅.၈ %
|
အကျင့်ပျက်ချစားမှုဟာ လုပ်ငန်းလုပ်ကိုင်ရာမှာ အဓိက အဟန့်အတား တခုဖြစ်တယ်လို့ သတ်မှတ်တဲ့ လုပ်ငန်းအရေအတွက် (ရာခိုင်နှုံး)
|
၉.၃ %
|
၂၂.၃ %
|
၃၅.၃ %
|
အထက်ကဇယားမှာ ဖေါ်ပြထားတဲ့ အချက်အလက်တွေအရ အခြားနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေနဲ့ နှိုင်းယှဥ်ရင် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေကြုံတွေ့ရတဲ့ အကျင့်ပျက်ချစားမှုဟာ ၃ ဆလောက် ပိုမိုဆိုးဝါးတာကို တွေ့ရပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကတော့ ဒီလိုမျိုး ဆိုးဝါးလှတဲ့ လာဘ်ပေးလာဘ်ယူ ချစားမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာတောင် ကျွန်တော်တို့ မြန်မာနိုင်ငံက စစ်တမ်းမှာ ပါဝင်တဲ့ လုပ်ငန်းစုစုပေါင်းရဲ့ ၉ ရာခိုင်နှုံးကျော်ကျော်ကဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာမှာ အကျင့်ပျက်ချစားမှုဟာ အဓိက အဟန့်အတားတခုဖြစ်တယ်လို့ သတ်မှတ်တာ တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံလောက် အကျင့်ပျက်ချစားမှုပြဿနာမရှိတဲ့ အခြားနိုင်ငံတွေမှာတောင် စစ်တမ်းမှာပါတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ သုံးပုံတစ်ပုံကျော် (၃၅ ရာခိုင်နှုံး)က စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာမှာ အကျင့်ပျက်ချစားမှုဟာ အဓိက အဟန့်အတားတခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကို သုံးသပ်လိုက်ရင် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ချစားမှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးပါတ်ဝန်းကျင်မှာ ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါးအမြစ်တွယ်နေပြီလဲ ဆိုတာကိုကောက်ချက်ချနိုင်ကြောင်းပါ။
နောက်တင်ပြမယ့် ဆောင်းပါးတွေမှာ အခြား စိတ်ဝင်စားစရာ သုံးသပ်ချက်တွေကိုလည်း ဆက်လက် ဖေါ်ပြသွားပါမယ်။ ဒီမြန်မာ့ စီးပွားရေးပါတ်ဝန်းကျင် စစ်တမ်းက အချက်အလက်တွေကို http://www.enterprisesurveys.org/Data/ExploreEconomies/2014/myanmar မှာတွေ့နိုင်ပါတယ်။ တကယ်လို့ အသေးစိတ်သုတေသနလုပ်ချင်လို့ စစ်တမ်းပါအချက်အလက်အားလုံးနဲ့ စစ်တမ်းမေးခွန်းတွေကို ရယူလိုရင်တော့ အထက်ပါဝက်ဘ်ဆိုက်မှာ မိမိသုတေသနပြုလုပ်လိုတဲ့ အကြောင်းအရာကို တင်ပြပြီး user name နဲ့ password ကိုရယူနိုင်ပါတယ်။ အချက်အလက်တွေကို download လုပ်ယူရာမှာတော့ Econometric Software တခုဖြစ်တဲ့ STATA လိုအပ်ပါတယ်။
ရည်ညွန်းကိုးကား။
www.enterprisessurveys.org
Chit, M, (2012) ‘SMEs and Exports: An Empirical Analysis of SMEs in Developing and Emerging Economies’, Management Development Journal of Singapore, 18(1), pp. 29-47.
မြန်မာစီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းပါတ်ဝန်းကျင် စစ်တမ်းကို သုံးသပ်ခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial 4.0 International License.