ပြီးခဲ့တဲ့အပါတ်က BBC ကနေအင်တာဗျူးတခုလှမ်းလုပ်လို့ မြန်မာ့စီးပွားရေးအတွက် အပြောင်းအလဲလုပ်ချင်ဆုံး အချက် ၅ ချက်ကို ပြောဖြစ်ပါတယ်။ တကယ်တမ်းဆိုရင်တော့ မြန်မာ့စီးပွားရေးတိုးတက်လာပြီး ဒီတိုးတက်မှုရဲ့အသီးအပွင့်တွေကို နိုင်ငံသူနိုင်ငံသားအားလုံး မျှဝေခံစားနိုင်ဖို့ဆိုရင် ပြုပြင်ပြောင်းလဲရမယ့်အချက် အနည်းဆုံး ၅၀ လောက်ရှိပါလိမ့်မယ်။ မကြာသေးခင်ကဘဲ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကထုတ်ပြန်လိုက်တဲ့ သုတေသနစာတမ်းတစောင်မှာ ရန်ကုန်တက္ကသိုလ်ဘွဲ့ရတယောက်ဖြစ်ပြီးကျွန်တော်တို့ မြန်မာနိုင်ငံမှာ စီးပွားရေးပညာပါမောက္ခအဖြစ် ၁၉၆၈ ခုနှစ်အထိလုပ်ကိုင်သွားခဲ့တဲ့ ယခု အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်မှ Professor Ronald Findlay နဲ့အခြားစီးပွားရေးပညာရှင်နှစ်ယောက်က မြန်မာနိုင်ငံရေရှည်ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းတွေကို ဖေါ်ဆောင်ရာမှာ ဆောင်ရွက်ရမယ့် နည်းဗျူဟာ ၅ ရပ်ကို တင်ပြခဲ့ပါသေးတယ် (Findlay et al., 2015)။ သူတို့တင်ပြခဲ့တဲ့အချက်တွေထဲကတချက်ကတော့ ပြည့်သူဝန်ဆောင်မှုပေးတဲ့ဌာနတွေမှာ ကြိုးနီစံနစ်၊ ဗဟိုဦးစီးချုပ်ကိုင်မှု နဲ့ နိုင်ငံရေးစွက်ဖက်မှုတွေဖယ်ရှားပြီး အဲဒီဌာနတွေမှာလုပ်ကိုင်နေတဲ့ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။ သူတို့အမြင်အရတော့ ပြည့်သူ့ဝန်ထမ်းတွေ စွမ်းဆောင်ရည်မပြည့်ဝလို့ လူမှု့စီးပွားဆိုင်ရာမူဝါဒတွေချမှတ်ရာမှာ အကန့်အသတ်တွေရှိပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဥ်တွေ မထိရောက်တာလို့ဆိုပါတယ်။
ကျွန်တော့်အနေနဲ့တော့ ပြည်သူ့ဝန်ထမ်း ခန့်ထားရာမှာ(အထူးသဖြင့် မူဝါဒတွေချမှတ်ရတဲ့ အရာရှိကြီးနေရာတွေမှာ) အမှန်တကယ် အရည်အချင်းရှိသူတွေကို လူမှန်နေရာမှန် ခန့်ထားဖို့လိုတယ်လို့ BBC အင်တာဗျူးမှာ တင်ပြဆွေးနွေးခဲ့ပါတယ်။ တကယ်လို့ လူတယောက်ဟာ ရာထူးကြီးတခုကို သူ့ကိုယ်ပိုင်အရည်အချင်းအရ မဟုတ်ဘဲ ဆိုင်ရာပိုင်ရာ၊ အဆက်အသွယ်ကြောင့်ရထားတာဆိုရင် မူဝါဒ၊ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ ပြည်သူကို တာဝန်ခံမှာမဟုတ်ဘဲ သူ့ကို ဒီလိုရာထူးရအောင် စောင်မကြည့်ရှုထားတဲ့သူ (သို့မဟုတ်)အဖွဲ့အစည်းကိုဘဲ တာဝန်ခံမှာဖြစ်ပြီး အကျိုးဆက်ကတော့ အကျင့်ပျက်ချစားမှု၊ စွမ်းဆောင်ရည်မပြည့်ဝမှုတွေဘဲဖြစ်ပါတယ်။ ရာထူးနေရာတခုကို ကိုယ်ပိုင်အရည်အချင်းနဲ့ကြိုးစားပြီးရလာတဲ့သူဆိုရင်တော့ မိမိကိုယ်ကိုနဲ့ မိမိတာဝန်အရ ဝန်ဆောင်မှုပေးရမယ့်သူတွေကလွဲရင် ဘယ်သူ့ကိုမှ တာဝန်ခံစရာမလိုပါဘူး။ ဒါမှလည်း မှန်ကန်ပြီး အဂတိကင်းတဲ့ မူဝါဒတွေ၊ ဆုံးဖြတ်ချက်တွေချမှတ်နိုင်မှာ ဖြစ်ပါတယ်။
The Bank of England |
ဒီလိုမျိုး အရည်အချင်းရှိသူတွေကို အရေးပါတဲ့ နေရာတွေမှာ မိမိနိုင်ငံသားမဟုတ်လဲ ခန့်ထားတာဟာ ဗြိတိန် တနိုင်ငံထဲမဟုတ်ပါဘူး။ အဲဒီသုတေသန ဆွေးနွေးပွဲမှာဘဲ ချီလီနိုင်ငံဗဟိုဘဏ်က သုတေသနပညာရှင်တစ်ဦးဖတ်တဲ့စာတမ်းကို နားထောင်ခဲ့ပါသေးတယ်။ သူက မိတ်ဆက်အနေနဲ့ သူ့နာမည်ပြောပြီး သူ့နာမည်က ချီလီလို လက်တင်အမေရိကန်နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ နာမည်မဟုတ်လို့ မအံ့သြပါနဲ့တဲ့။ ချီလီဗဟိုဘဏ်မှာလုပ်နေပေမဲ့ သူက ဒိန်းမတ်နိုင်ငံသားလို့ပြောပါတယ်။
ဒါကြောင့် နိုင်ငံတခု ကြီးပွားတိုးတက်ဖို့အတွက်အရေးကြီးတဲ့ အရည်အချင်းရှိသူတွေကို လူမှန်နေရာမှန်ခန့်ထားနိုင်ရေးမှာ လူတစ်ယောက်ရဲ့မွေးဖွားရာနိုင်ငံထက် အဲဒီလူမှာရှိတဲ့ အရည်အချင်းကို အလေးပေးဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ လူတစ်ယောက်ရဲ့ အရည်အချင်းထက် ဒီလူရဲ့နိုင်ငံသားဖြစ်မှုကို အလွန်အမင်းအလေးပေးစဥ်းစားသူတွေများတဲ့နိုင်ငံတစ်နိုင်ငံအဖို့တော့ ဒီလိုအတွေးအခေါ်တွေလွှမ်းမိုးတဲ့ ၁၉-ရာစုထဲမှာ ကျန်ရစ်မှာဖြစ်ပြီး ၂၁-ရာစုမှာ သူများနိုင်ငံနည်းတူဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အိမ်မက်ပဲ ဖြစ်နေအုန်းမှာပါ။
ကျွန်တော့်ရဲ့ ဘီဘီစီ အင်တာဗျူးကို အောက်ပါလင့်မှာနားထောင်နိုင်ပါတယ်။
http://www.bbc.com/burmese/economy/2015/09/150915_business_5things_mmchit
ရည်ညွှန်းကိုးကား။
Findlay, R., Park, C-Y. and Verbiest, J-P. (2015) Myanmar: Unlocking the Potential
A Strategy for High, Sustained, and Inclusive Growth, ADB Working Paper No. 437. Available at: http://www.adb.org/publications/myanmar-unlocking-potential-strategy-high-sustained-inclusive-growth
About Mark Carney: http://www.bankofengland.co.uk/about/Pages/people/biographies/carney.aspx#
Picture Sources:
The Bank of England:
By Eluveitie (Own work) [CC BY-SA 3.0 (http://creativecommons.org/licenses/by-sa/3.0)], via Wikimedia Commons. https://commons.wikimedia.org/wiki/File%3ABank_of_England%2C_London.JPG
Quotation source: Bono's TEDx, "The good news on poverty (Yes, there's good news)",
လူမှန်နေရာမှန်ခန့်ထားရေးနဲ့ မြန်မာ့စီးပွားရေး by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial 4.0 International License.
No comments:
Post a Comment